ကမ္ဘာ့အိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် ၀ူရှူးအားကစားပြိုင်ပွဲကို မန္တလေးမြို့၊ ဗထူးအားကစားကွင်းတွင်
ဇွန်လ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
"ဇွန်လ ၂၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အိုလံပစ်နေ့ကို မူတည်ပြီး ဒီလတစ်လလုံးမှာ
အားကစားပြိုင်ပွဲတွေ လုပ်ကြတယ်။ ကျွန်တော်တို့ မန္တလေးဝူရှူးကလည်း ၁၉၉၃ ကတည်းကပြိုင်ပွဲတွေ
ကျင်းပလာတာ တစ်နှစ်မှ မပျက်သေးဘူး။ ပြိုင်ပွဲလုပ်ရတဲ့ ရည်ရွယ်ချက်က မျိုးဆက်သစ်လူငယ်
ကစားသမားတွေ ထွက်ပေါ်လာဖို့ပါ"ဟု မန္တလေးတိုင်းဒေသကြီး ၀ူရှူးဆပ်ကော်မတီ အတွင်းရေးမှူး
ဦးကျော်အေးက ပြောသည်။
ယခုပြိုင်ပွဲတွင် နွေရာသီသင်တန်းသားများကို လူသစ်တန်းအဖြစ် အဓိကယှဉ်ပြိုင်သွားမည်ဖြစ်သကဲ့သို့
လူဟောင်းများအတွက် အခြေခံဖောင်ဝမ်း၊ဖောင်တူးနှင့် အဆင့်မြင့်ဖောင်ဆိုပြီး အတန်း သုံးတန်း
ယှဉ်ပြိုင်စေမည် ဖြစ်ကြောင်း၊ လူသစ်တန်းပြိုင်ပွဲတွင် ကစားသမား ၁၅၀ ဦး၊ လူဟောင်းပြိုင်ပွဲတွင်
ကစားသမား ၂၀၀ ဦးကျော် ပါ၀င်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
ယှဉ်ပြိုင်မည့် ပြိုင်ပွဲအမျိုးအစားများမှာ လက်သိုင်းသုံးမျိုးဖြစ်သည့် ချန်းချွမ်(မြောက်ပိုင်းလက်သိုင်း)၊
နန်းချွမ်(တောင်ပိုင်းလက်သိုင်း)၊ ထိုက်ချိချွမ်(အနှေးကစားခြင်း)၊ လက်နက်သိုင်းလေးမျိုးဖြစ်သည့်
သောင်(ဓားမောက်)၊ ကျန့်(နှစ်ဖက်သွားဓား)၊ ကွန့်(တုတ်ရှည်)၊ ချန်းဆု(လှံရှည်)နှင့် ထိုက်ချိကျန့်
(နှစ်ဖက်ဓားသွားဖြင့် အနှေးကစားခြင်း) တို့ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ၀ူရှူးဆပ်ကော်မတီသည် ပြီးခဲ့သော ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ ဆု၊ ငွေတံဆိပ် ၂ ဆုနှင့် ကြေးတံဆိပ် ၃ ခု၊ စတုတ္ထအကြိမ်မြောက်
အမျိုးသား အားကစားပွဲတော်၏ ၀ူရှူးအားကစားပြိုင်ပွဲတွင်လည်း အသင်းလိုက် ပထမ ရရှိခဲ့သည်။
















