'ကျွန်' ရုပ်ရှင်ကားနှင့် ပတ်သက်ပြီး ဒေသခံများ တောင်းဆိုထားသော အချက် ခြောက်ချက်တွင် လေးချက်သာ သဘောတူညီမှု ရရှိ

'ကျွန်' ရုပ်ရှင်ကားနှင့် ပတ်သက်ပြီး ဒေသခံများ တောင်းဆိုထားသော အချက် ခြောက်ချက်တွင် လေးချက်သာ သဘောတူညီမှု ရရှိ

ရှေးယခင်က ပုဂံမြို့၊ မင်္ဂလာသာစည်ရပ်ကွက်ရှိ ဘုရားကျွန်များကို အခြေခံပြီး ရိုက်ကူးပြသခဲ့သည့်
'ကျွန်' ရုပ်ရှင်ဇာတ်ကားတွင် ပါ၀င်ခဲ့သည့် စကားလုံးအသုံးအနှုန်းများနှင့် သရုပ်ဖော်ပုံများမှာ
ဒေသခံကလေးငယ်များ၏ အနာဂါတ်ကို ထိခိုက်မှုရှိသည့်အတွက် ဒေသခံများမှ မြန်မာနိုင်ငံ
ရုပ်ရှင်အစည်းအရုံးထံ တောင်းဆိုချက် ခြောက်ချက်ပါ အကြောင်းကြားစာ ပို့ခဲ့ရာတွင်
အချက်လေးချက်ကို သဘောတူညီမှုရရှိခဲ့ကြောင်း ဒေသခံများကိုယ်စား တောင်းဆိုပေးသည့်
ညောင်ဦးမြို့ အမှတ်(၅)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးစန်းမောင်က ယခုလ ၂၆ ရက်နေ့တွင်ပြောသည်။

"မနေ့က ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးလူမင်းနဲ့
တွေ့ဖြစ်တယ်။ သူတို့ဘက်ကနေ အချက် လေးချက်ကို သဘောတူပေးနိုင်ကြောင်းပြောပါတယ်။
ကျန်တဲ့အချက်၂ ချက်မှာ ၁ ခုကတော့ သူတို့နဲ့ မဆိုင်လို့၊ နောက်တစ်ခုကတော့ ဒေသခံတွေ
မကြိုက်တဲ့ နေရာတွေကို ဖြေရှင်းလို့ ရတဲ့အကြောင်း ပြောပါတယ်။ သူတို့ဘက်ကပြောတဲ့
အချက် နှစ်ခုကိုတော့ ဒေသခံတွေကို ပြောရဦးမယ်။ ဒေသခံတွေ သဘောတူမတူ ဆိုတာ
ရှိပါသေးတယ်။ ဒါပေမယ့် အခုတွေ့ဆုံမှုက အဆင်ပြေပါတယ်လို့ ပြောလို့ရပါတယ်"ဟု
ဦးစန်းမောင် က ပြောသည်။

ဒေသခံများတောင်းဆိုသည့် အချက် ခြောက်ချက်မှာ ရုံတင်ပြသခြင်းများ ချက်ခြင်းရပ်တန့်ရန်၊
အကယ်ဒမီပေးပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုရန်၊ ခိုးကူးခွေများ ထွက်ပေါ်မလာရန်၊
ဗွီဒီယိုဇာတ်လမ်းအဖြစ် ဖြန့်ဝေခြင်းမပြုရန်၊ အင်္ဂလိပ်စာတန်းထိုးပြီး နိုင်ငံတကာသို့ မပြသရန်နှင့်
ရိုက်ကူးမှု မှားယွင်းကြောင်း တိုင်းသိပြည်သိဖြစ်ရန် မီဒီယာများမှတဆင့် တောင်းပန်ရန် စသည့်
အချက်တို့ဖြစ်ပြီး၊ ဒေသခံများ၏ သဘောထားကို တောင်းခံရမည့် အချက်နှစ်ချက်မှာ
အကယ်ဒမီပေးပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုရန်နှင့် ဗွီဒီယိုဇာတ်လမ်းအဖြစ်ဖြန့်ဝေခြင်း မပြုရန်
ဆိုသည့် အချက်တို့ဖြစ်ကြောင်း ဦးစန်းမောင်ထံမှ သိရသည်။

"အကယ်ဒမီပေးပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုရန်ဆိုတဲ့ အချက်ကတော့ သူတို့နဲ့ မဆိုင်ဘူး။
ပြန်ကြားရေးဝန်ကြီးဌာနနဲ့ပဲ ဆိုင်တာဖြစ်တဲ့အတွက် သူတို့ လုပ်ဆောင်ပေးလို့ မရတဲ့အကြောင်းနဲ့
ဗွီဒီယိုပြန်လည် မဖြန့်ရန်ဆိုတဲ့အချက်ကျ ဒေသခံတွေ မကြိုက်နှစ်သက်တဲ့ နေရာတွေကို
ပြန်လည်ဖျက်ပြီး ဖြန့်လို့ရတဲ့အကြောင်း ပြောတယ်။ အခုသူတို့ပြောတဲ့ အကြောင်းအရာတွေကို
ဒေသခံတွေကို ရှင်းပြမယ်။ ဒေသခံတွေက လက်မခံရင်တော့ အရင်တိုင်းပဲ တရားစွဲဆိုတာမျိုးတွေ
ဆက်လုပ်သွားမှာဖြစ်ပါတယ်" ဟု ဦးစန်းမောင်ထံမှ သိရသည်။

ထို့ပြင် အဆိုပါ 'ကျွန်' ရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်ပြီး ထုတ်လုပ်သူ(သို့မဟုတ်) ဒါရိုက်တာ
(သို့မဟုတ်) ဇာတ်ညွန်းဆရာ တစ်ဦးဦးကို တရားစွဲဆိုရန် စီစဉ်နေကြာင်းနှင့် စွဲဆိုခြင်း
အကြောင်းအရာကို ဥပဒေပညာရှင်များနှင့် တိုင်ပင်နေကြောင်း ရှေးဟောင်းသုတေသနနှင့်
အမျိုးသားပြတိုက်ဦးစီးဌာန ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်ထံမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး