မန္တလေးမြို့ ဗထူးအားကစားကွင်းတွင် ဇွန်လ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့များတွင် ကျင်းပပြုလုပ်သော
အပြည်ပြည်ဆိုင်ရာ ဝူရှူးပြိုင်ပွဲနှင့် သရုပ်ပြပွဲတွင် ကစားသမား ၂ဝဝ ကျော် ပါဝင်ယှဉ် ပြိုင်ခဲ့ကြောင်း
သိရသည်။
"လူသစ်တန်းက အယောက် ၁၅ဝ နဲ့ အကြီးတန်းက ၅ဝ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
လူသစ်တန်းမှာ ကလေးတွေကို ဝူရှူးနဲ့ မိတ်ဆက်ပေးတာပါ။ ကလေးတွေမှာ အမြင်ရှိပြီးတော့
ဗီဇလေးတွေပါတဲ့ ကလေးတွေလည်း တွေ့ရတယ်။ အရမ်းလည်း ကြိုးစားအားထုတ်ကြပါတယ်။
မိဘတွေရဲ့အားပေးမှုကိုလည်း တော်တော်လေးရပါတယ်"ဟု မန္တလေးတိုင်းဒေသကြီး
ဝူရှူးဆပ်ကော်မတီအတွင်းရေးမှူး ဦးကျော်အေးက ပြောသည်။
အဆိုပါအပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ဝူရှူးပြိုင်ပွဲတွင် လက်သိုင်း သုံးမျိုးဖြစ်သည့်
ချန်းချွမ်(မြောက်ပိုင်းလက်သိုင်း)၊ နန်းချွမ် (တောင်ပိုင်းလက်သိုင်း)၊ ထိုက်ချိချွမ်(အနှေးကစားခြင်း)၊
လက်နက်သိုင်း လေးမျိုးဖြစ်သည့် သောင်(ဓားမောက်)၊ ကျန့်(နှစ်ဖက် သွားဓား)၊ ကွန့်(တုတ်ရှည်)၊
ချန်းဆု(လှံရှည်)နှင့် ထိုက်ချိကျန့် (နှစ်ဖက်ဓားသွားဖြင့် အနှေးကစားခြင်း) တို့ ယှဉ်ပြိုင်ခဲ့သည်။
"ကျွန်တော်တို့က နည်းစနစ်ထက် ကလေးတွေရဲ့ ပျော့ပြောင်းမှု၊ ကြံ့ခိုင်မှုကို အဓိကထားသင် ပေးတယ်။ နွေရာသီသုံးလသင်တန်းနဲ့ ဒီညပိုင်ပွဲက ဝူရှူးကို မိတ်ဆက်ပေးတာပဲရှိသေးတယ်။ ဒီပြိုင်ပွဲပြီးမှ ကလေးတွေကို ဝူရှူးပုံစံကျအောင် သင်ပေးရမှာပါ"ဟု ဦးကျော်အေးက ပြောသည်။
မန္တလေးတိုင်းဒေသကြီး ဝူရှူးဆပ်ကော်မတီသည် ပြီးခဲ့သော ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ ဆု၊ ငွေတံဆိပ် ၂ ဆုနှင့် ကြေးတံဆိပ် ၃ ခု၊ စတုတ္ထအကြိမ်မြောက်
အမျိုးသား အားကစားပွဲတော်၏ ဝူရှူးအားကစားပြိုင်ပွဲတွင်လည်း အသင်းလိုက်ပထမ ရရှိခဲ့သည်။
















