မသန်စွမ်းသူများအပေါ် ခွဲခြားဆက်ဆံမှု လျော့နည်းလာစေရန် လူထုလှုပ်ရှားမှုများ ဆက်လက်ပြုလုပ်မည်

မသန်စွမ်းသူများအပေါ် ခွဲခြားဆက်ဆံမှု လျော့နည်းလာစေရန် လူထုလှုပ်ရှားမှုများ ဆက်လက်ပြုလုပ်မည်

ဇွန်လ ၂၄ ရက်နေ့က ပြင်ဦးလွင်မြို့နယ်၊ ၆ မိုင် အပန်းဖြေစခန်းတွင် မသန်စွမ်းသူများအပေါ်
ခွဲခြားဆက်ဆံမှု လျော့နည်းလာစေရန် လူထုလှုပ်ရှားမှု ပြုလုပ်ပြီးနောက် ထိုကဲ့သို့ လှုပ်ရှားမှုများကို
ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ရွှေပုသိမ်အနာဂါတ်ကွန်ယက်ဥက္ကဌ ဦးလင်းနိုင်က
ပြောသည်။

"ဇူလိုင်လ ၁ဝ ရက်နေ့မှာ ဦးပိန်တံတားမှာလုပ်မယ်။ အဲဒါပြီးရင် မနော်ရမံရကစားကွင်းမှာ
ဆက်လုပ်မယ်"ဟု ၎င်းက ပြောသည်။

လူထုလှုပ်ရှားမှုပြုလုပ်ရာတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပန်းချီပြခန်းများပြသခြင်း၊
မျက်လှည့်ပြသခြင်း၊ ပညာပေးဟောပြောခြင်းတို့ ပြုလုပ်ခဲ့ပြီး မသန်စွမ်းသူများနှင့် ပတ်သက်သော
သတင်းအချက်အလက်များ ဖြန့်ဝေရန်နှင့် ပြည်သူလူထုထံ အသိပညာပေးရန်၊ မသန်စွမ်းသူများ
ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုရရှိစေရန်၊ လူတိုင်းအကျံုးဝင်ပညာရေးစနစ်တွင် မသန်စွမ်းသူများ
ပိုမိုပါဝင်လာနိုင်စေရန်၊ မသန်စွမ်းသူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန်၊
မသန်စွမ်းသူများ အခွင့်အရေးဥပဒေကို ပိုမိုသိရှိလာစေရန် ရည်ရွယ်ကြောင်း သိရသည်။

မသန်စွမ်းသူများအပေါ် ခွဲခြားဆက်ဆံမှု လျော့ကျလာသော်လည်း မသိမသာ ခွဲခြားဆက်ဆံမှုများ
ရှိနေသေးကြောင်း ရွှေမင်းသားဖောင်ဒေးရှင်း၏ ပုသိမ်ကြီးမြို့နယ်တာဝန်ခံ ဦးကျော်သူအောင်က
ပြောသည်။

"မနှစ်က သူငယ်နာအကြောတင်ဖြစ်နေတဲ့ ကလေးတစ်ယောက် ကျောင်းအပ်တုန်းက
အသက်ငယ်သေးတယ်ဆိုပြီး လက်မခံဘူး။ ဒီနှစ်ကျောင်းအပ်တော့လည်း ကျောင်းက မလိုလားတဲ့
ပုံစံပြတယ်။ လုံးလုံးငြင်းပစ်တာတော့ မဟုတ်ဘူး။ အဲဒါကို ကျွန်တော်တို့သွားပြီး ပညာပေးခဲ့ရတာ
ရှိတယ်"ဟု ၎င်းက ပြောသည်။

မသန်စွမ်းသူများကို ခွဲခြားဆက်ဆံရာတွင် မိသားစုဝင်များ ကိုယ်တိုင်ပါဝင်နေပြီး၊
အသိပညာပေးမှုများကို ပြုလုပ်ရကြောင်း ၎င်းက ပြောသည်။

"ကျွန်တော်တို့ မသန်စွမ်းစာရင်းသွားကောက်ရင် တစ်ချို့အိမ်တွေဆို ပြောပြရမှာ
အရမ်းရှက်ကြတယ်။ မရှိဘူးဆိုပြီး ပြောလွတ်တယ်"ဟု ၎င်း၏ အတွေ့အကြံုကို ပြောပြသည်။

၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေသန်းခေါင်စာရင်းအရ မသန်စွမ်းသူ ဦးရေသည် နိုင်ငံ့လူဦးရေ၏
၄.၆ ရာခိုင်နှုန်း (၂၃၁၁၂၅ဝ ဦး) ရှိပြီး ကိုယ်အင်္ဂါမသန်စွမ်းသူ ၉၅၇,၇၃၆ ဦး၊ အမြင်အာရုံမသန်စွမ်းသူ
၉၈၃၅,၅၉၈ ဦး၊ အကြားအာရုံမသန်စွမ်းသူ ၆၇၃,၁၂၆ ဦး၊ ဉာဏ်ရည်မသန်စွမ်းသူ ၈၃၅,၅၉၈ ဦး
ရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး