မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသည် မြို့လူထုကို ရေပေးဝေရာတွင် တစ်နှစ်လျှင်
ကျပ်သန်းပေါင်း ၃,၇ဝဝ ကျော် အရှုံးပေါ်နေသဖြင့် ရေခွန်ကို ပြောင်းလဲ တိုးမြှင့်ကောက်ခံရန်
စီစဉ်ခြင်းဖြစ်ကြောင်း စည်ပင်သာယာတာဝန်ရှိသူများက ပြောသည်။
ရေဖြန့်ဖြူးပေးဝေရာတွင် ရေတွန်းစက်ရုံများ၊ ရေထုတ်လုပ်မှု စက်ရုံများ၊ ရေပို့ ပိုက်လိုင်းများ၊
ရေဝေပိုက်လိုင်းများ၊ အိမ်သွယ် ရေပိုက်လိုင်းများ အားလုံး နှင့် ဆက်စပ်လုပ်ငန်းများအားလုံး ပြင်ဆင်
ထိန်းသိမ်းစရိတ်၊ ဝန်ထမ်းလုပ်အားခ၊ ယာဉ်ယန္တရား ငှားရမ်းခတန်ဖိုး၊ ဓာတ်အားခ၊ လုပ်ငန်းသုံး
ပစ္စည်းနှင့် အထွေထွေကုန်ကျစရိတ်များကို တွက်ချက်ပါက ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ကုန်ကျငွေ
ကျပ် ၅,၂၃၆ သန်းကျော် ရှိကြောင်း၊ ၄င်းတွင် ရေမီတာကောက်ခံရငွေမှာ ကျပ်သန်းပေါင်း ၁,၅ဝဝ
ကျော်သာ ရှိခဲ့သဖြင့်ကျပ်သန်းပေါင်း ၃,၇ဝဝ ကျော် အရှုံးပြကြောင်း စည်ပင်သာယာ ရေနှင့်
သန့်ရှင်းမှုဌာန ဌာနမှူး ဒေါ်ခင်မေဌေးက ယခုလ ၂၆ ရက်တွင် စည်ပင်သာယာ ခြောက်ထပ်ဆောင်
အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သော အစည်းအဝေးတွင်ပြောသည်။
''လျှပ်စစ်ဓာတ်အားခ ပေးဆောင်ရတဲ့ ငွေက ကျပ် ၃,၂၂၆ သန်း ရှိပါတယ်'' ဟု ဒေါ်ခင်မေဌေးက
ပြောသည်။
စည်ပင်သာယာ အခွန်ဌာန ဌာနမှူးဦးဝင်းမောင်က မန္တလေးမြို့တွင်း၌ မီတာအလုံးရေ ၉ဝ,ဝဝဝ
ကျော်ကို ရေမီတာခ ကောက်ခံနေကြောင်း၊ ဖြန့်ဝေသော ရေ၏ ထက်ဝက်ခန့်မှာ ရေပိုက်ပေါက်ခြင်း
စသော အကြောင်းအမျိုးမျိုးကြောင့် လေလွင့်နေကြောင်း ပြောသည်။
''စည်ပင်သာယာက မိမိဘတ်ဂျက်ပေါ် ရပ်တည်နေရပြီး ရေပေးရေးက ဆုံးရှုံးမှု များနေပါတယ်။
ရေပေးရေးစနစ်ကို အဆင့်မြင့် လုပ်မယ်ဆိုရင် အခွန်ကိစ္စကပြန်ပါလာတယ်။ ငွေမရှိရင်
လုပ်မရပါဘူး။အခု ရေပေးရေးစနစ်အတွက် ရှေ့ပြေးလုပ်ငန်းတွေ လုပ်နေပါတယ်။ ရေခွန်ကို
တိုးမြှင့်တာမဟုတ်ပဲ ပြင်ဆင်တာလို့ ပြောချင်ပါတယ်။ ခေတ်နဲ့လျော်ညီတဲ့ နှုန်းထားကို
ပြောင်းလဲခြင်းဖြစ်ပါတယ်'' ဟု ဦးဝင်းမောင်က ပြောသည်။
ယခုဘဏ္ဍာနှစ်အစ ဧပြီ ၁ ရက်မှ စ၍ လက်ရှိနှုန်းထားဖြစ်သော အိမ်သုံး တစ်ယူနစ် (ဂါလန် ၂၂ဝ)
လျှင် ၈၅ ကျပ်မှ ကျပ် ၂ဝဝ၊စီးပွားသုံး တစ်ယူနစ်လျှင် ကျပ် ၁၁ဝ မှ ကျပ်၂၆ဝ၊ ပြည်တွင်းလုပ်ငန်း
ရှင်များ၏ စက်ရုံသုံး တစ်ယူနစ်လျှင် ကျပ် ၄၄ဝ မှ ကျပ် ၆၆ဝ၊နိုင်ငံခြားလုပ်ငန်းရှင်များ၏ စက်ရုံသုံး
တစ်ယူနစ်လျှင် ကျပ် ၈၈ဝ မှ ကျပ် ၁,၁ဝဝ၊သုံးလလျှင် တစ်ရစ်နှုန်း ပြောင်းလဲကောက်ခံသွားမည်
ဖြစ်သည်။ ကျုံးရေတွင် ပိုက်အရွယ်အစားများအလိုက် နှုန်းထားများ သတ်မှတ်ထားပြီး ပိုက်
အသေးဆုံး ငါးမူးပိုက်အရွယ်ကို သုံးလစာအတွက် လက်ရှိ ကျပ် ၁,၅ဝဝ မှကျပ် ၄,ဝဝဝ၊ ပိုက်
အရွယ်အစား အကြီးဆုံးရှစ်လက်မအရွယ်ကို ကျပ် ၅ဝ,ဝဝဝမှ ကျပ်ရဝ,ဝဝဝ ပြောင်းလဲကောက်ခံ
သွားမည်ဖြစ်သည်။
''ဘယ်နိုင်ငံမှာမှ ရေတစ်ယူနစ်ကို ၈၅ ကျပ်နှုန်း မရှိပါဘူး။ အနိမ့်ဆုံး ကျပ် ၃၅ဝ ပါ။မကွေးမှာ
တစ်ယူနစ် ၅ဝဝ ပါ။ အစိုးရ ကောက်ခံတဲ့နှုန်းထားမျိုး ဘယ်ပုဂ္ဂလိက ကုမ္ပဏီမှ မလုပ်နိုင်ပါဘူး။
ဒီနှုန်းထားအတိုင်း တိုးမလာနိုင်ရင် (မြို့ဖွံ့ဖြိုးမှုအတွက်) တိုးတက်မှုရှိမှာ မဟုတ်ပါဘူး''ဟု
မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။
မဟာအောင်မြေမြို့နယ် စကြာနွယ်စဉ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ကရေပိုက်ပေါက်သော
ပြဿနာမှာ ၅ဝ ရာခိုင်နှုန်းခန့် ရှိနိုင်ပြီး ဝန်ထမ်းအင်အားတိုး၍ ပြုပြင်ပေးသင့်ကြောင်း၊ ရေသုံးစွဲသူများ
မှာ သန့်ရှင်းသော သောက်သုံးရေ မရသည်မှာကြာမြင့်ပြီဖြစ်ကာ ရေမှာ မည်းချိတ်နေကြောင်း
ပြောသည်။
မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသက်မင်းထွန်းက
ရေတစ်ယူနစ်လျှင် ကျပ် ၂ဝဝနှုန်းထားကို ပြည်သူများ ပေးနိုင်ပြီးရေကောင်းရေသန့်ကို
လိုချင်ကြောင်း၊မြို့ဖွံ့ဖြိုး တိုးတက်ရန် ပြည်သူများလည်းတာဝန်ရှိကြောင်း၊ သို့သော်
ရေမီတာလာဖတ်သော ဝန်ထမ်းများက ကျသင့်တန်ဖိုးအတိုင်း မဟုတ်ဘဲ နားလည်မှုဖြင့်
လုပ်ဆောင်ပေးမည်ဆိုကာ ပိုက်ဆံရရန် ညှိနှိုင်းမှုများ ကြံုတွေ့ဖူးသဖြင့်ရေခွန်တိုးကောက်
သော်လည်း အိတ်ပေါက်ဖြင့် ဖားကောက်သကဲ့သို့ ဖြစ်မည်စိုးရိမ်ကြောင်း ပြောသည်။
''ရေအနောက်တွေ ကြည်ဖို့က ကျွန်တော်တို့ တာဝန်၊ ထိုက်သင့်တဲ့ ရေဖိုးရေခ ပေးဖို့က
သုံးစွဲသူတွေတာဝန်ပါ။ နှုန်းထားနဲ့ လိုက်လျောညီထွေဖြစ်အောင် ကျွန်တော်တို့ လုပ်ပါမယ်။
ဝန်ထမ်းတွေက ပိုက်ဆံရဖို့ ညှိနှိုင်းတာတွေ လုပ်ရင် ဌာနကို အကြောင်းကြားပေးကြပါ'' ဟု
အခွန်ဌာန ဌာနမှူး ဦးဝင်းမောင်က ပြောသည်။
စည်ပင်သာယာအနေဖြင့် မြို့ပြဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအဖြစ် ရေစီးရေလာ
ကောင်းမွန်ရေးနှင့် ရေဆိုးသန့်စင်စက်ရုံ တည်ဆောက်ခြင်းအတွက် ADB ချေးငွေ အမေရိကန်
ဒေါ်လာသန်း ၆ဝ၊ မြို့နယ် လေးမြို့နယ်၉ဝ ရာခိုင်နှုန်း ရေရရှိရေးအတွက် AFD ချေးငွေ
ယူရိုသန်း ၄ဝ၊ ADB အထောက်အပံ့ အမေရိကန်ဒေါ်လာလေးသန်း၊ အီးယူ အထောက်အပံ့ယူရို
ရှစ်သန်းနှင့် AFDအထောက်အပံ့ ယူရို တစ်သန်း၊ အမရပူရမြို့နယ်ရေပေးရေးစီမံကိန်းအတွက်
AFD အထောက်အပံ့ ယူရို ၁ ဒသမ ၅ သန်း၊ပြည်ကြီးတံခွန်မြို့နယ် ဧရိယာ၏၃ဝ ရာခိုင်နှုန်းကို
ရေပေးရေး စီမံကိန်းအတွက်JICA အထောက်အပံ့ အမေရိကန်ဒေါ်လာ သန်း ၂ဝ ခန့်ဖြင့်
လုပ်ဆောင်သွားရန် အစီအစဉ်များရှိကြောင်း စည်ပင် တာဝန်ရှိသူများကပြောကြားသည်။
















