မန္တလေးတိုင်းဒေသကြီးတွင် ရေလမ်းကြောင်းဖြင့် ကုန်သွယ်မှုတိုးတက်စေရန်အတွက် ရည်ရွယ်၍
မန္တလေးဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ဖော်ဆောင်လျက်ရှိပြီး ၂ဝ၁၈ခုနှစ်၊ နိုဝင်ဘာလတွင်
တည်ဆောက်ခြင်းလုပ်ငန်းများ စတင်နိုင်မည်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ
ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူက ပြောသည်။
ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကိုဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး
အေဂျင်စီ (ဂျိုက်ကာ) နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ရာ အမေရိကန်ဒေါ်လာ ၃၈ သန်း
အသုံးပြုမည်ဖြစ်ပြီး လက်ရှိတွင် စီမံကိန်းနှင့် ပတ်သက်၍ ပဏာမပတ်ဝန်းကျင်ဆန်းစစ်ခြင်း
လုပ်ငန်းများ၊ စီမံကိန်းကြောင့် နစ်နာသူများ စာရင်းပြုစုခြင်းများ ဆောင်ရွက်လျက် ရှိသည်။
''ကျွန်တော်တို့က ဂျပန်နိုင်ငံကိုအကူအညီတောင်းတဲ့အတွက် သူတို့ဆီကိုတော့ အစီရင်
ခံစာ တင်ပြရပါမယ်။အဆင်ပြေမယ်ဆိုရင် ၂ဝ၁၈ ခုနှစ်အတွင်းမှ တည်ဆောက်ရေး
လုပ်ငန်းစတင်မယ်။ နှစ်နှစ် စီမံကိန်းပေါ့''ဟုရေအရင်းအမြစ်နှင့် မြစ်ချောင်းများ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မျိုးခိုင်က ယခုလ
၂၇ ရက်တွင် ပြောသည်။
စီမံကိန်းကို ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ ခရီးသည်များနှင့် ကုန်ပစ္စည်းများကို
မြန်မာနိုင်ငံ အနှံ့အပြားသယ်ယူပို့ဆောင်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကာ
မန္တလေးမြို့၏ အနောက်ဘက် (တစ်ကီလိုမီတာ) အကွာ၊ မြို့ပတ်လမ်းနှင့် ရွှေလှံဗိုလ်
ဘုန်းကြီးကျောင်းအနောက်ဘက်ရှိ မြေဧက ၂ဝ ပေါ်တွင်တည်ဆောက်မည်ဖြစ်သည်။
လက်ရှိတွင် စီမံကိန်းနှင့် ပတ်သက်ပြီးလေ့လာဆန်းစစ်မှုများ ဆောင်ရွက်နေခြင်းဖြစ်ကာ
စီမံကိန်းကြောင့် နစ်နာသူများကို စာရင်းပြုစုပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့
ဖြင့်ညှိနှိုင်း၍ လျော်ကြေးပေးချေသွားမည်ဖြစ်သည်။
''ကျွန်တော်တို့ လေ့လာချက်အရ စီမံကိန်းအတွင်း မြေယာပိုင်ဆိုင်သူက ရဝ ရှိပါတယ်။
ဒီလူတွေအတွက် လျော်ကြေးကို အစိုးရဆီက တောင်းခံပြီး သက်ဆိုင်ရာတိုင်းအစိုးရနဲ့
ပူးပေါင်းပြီး ပေးချေသွားပါမယ်။ အားလုံးကို ဥပဒေနဲ့အညီ ဆောင်ရွက်ပါမယ်''ဟု
ဦးအောင်မျိုးခိုင်က ပြောသည်။
သို့သော် စီမံကိန်းအတွက် သိမ်းဆည်းခံထားရသည့် မြေနေရာများနှင့်ပတ်သက်ပြီး
လျော်ကြေးမည်မျှ ပေးချေမည်ကိုကောင်းစွာ မသိရှိရသေးကြောင်း ဒေသခံများက
ပြောသည်။
''ကျွန်တော်တို့ဆိုရင် စီမံကိန်းထဲက ၁၂ ဧကလောက်ပါသွားတယ်။ တချို့ဆိုရင် ကုမ္ပဏီ
တွေနဲ့မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ မြေနေရာတွေလည်းပါတယ်။ ဒီမြေတွေအတွက်
ကတော့ ဘယ်လိုလျော်ကြေးပေးမှာလဲ သိချင်တယ်။ နိုင်ငံတော် စီမံကိန်းကို နှောင့်ယှက်
ဖျက်ဆီးဖို့ ဆန္ဒတော့မရှိပါဘူး။ ဒီမြေပေါ်မှာပဲ မှီခိုလုပ်ကိုင်နေရတဲ့အတွက် ဥပဒေအတိုင်း
မှန်မှန်ကန်ကန်လျော်ကြေးနစ်နာကြေးပေးမယ်ဆိုရင် အဆင်ပြေပါတယ် '' ဟု စီမံကိန်း
အတွင်းပါဝင်သည့် မြေလယ်ပိုင်ရှင် ကိုတင်စိုးက ပြောသည်။
ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် ဆိပ်ကမ်းအသစ် တည်ဆောက်ပြီး
ယင်းဆိပ်ကမ်း၌ ကွန်တိန်နာများနှင့်သိုလှောင်ရုံများ၊ ကုန်ပစ္စည်း ထားသိုရန်မြေနေရာများ၊
ဆိပ်ခံတံတားများ၊ ချဉ်းကပ်တံတားများ၊ ကုန်ပစ္စည်းများ သင်္ဘောပေါ်တင်ဆောင်ရန်
စက်ကိရိယာများ တပ်ဆင်ထားမည်ဖြစ်သည်။
မန္တလေးမြို့သည် ပို့ဆောင်ဆက်သွယ်ရေး အချက်အချာကျသော မြို့ဖြစ်ပြီး မန္တလေး
မြို့မှတစ်ဆင့် အခြားမြို့များသို့ရေလမ်းကြောင်းဖြင့် ကုန်သွယ်မှုများ ပြုလုပ်လျက်ရှိသော်
လည်း ဆိပ်ကမ်းများဖွံ့ဖြိုးတိုးတက်မှုမရှိသေးဘဲ စက်ပစ္စည်းအကူအညီ မပါဝင်ပဲ မြစ်ကမ်း
တစ်လျှောက် ကုန်တင်အလုပ်သမားများဖြင့်သာ အတင်အချ ပြုလုပ်လျက်ရှိသည်။
''စီမံကိန်းက အခု စတင်နေပြီလို့ ပြောလို့ရတယ်ပေါ့။ ပြည်သူလူထု စစ်တမ်းတွေကောက်
တယ်။ ဘယ်လိုပြန်လည် ထောက်ပံ့ပေးရမလဲဆိုတာတွေ လေ့လာတယ်ပေါ့။ မန္တလေး
မှာက ခေတ်မီဆိပ်ကမ်းတစ်ခု လိုကိုလိုအပ်နေပါပြီ။ အခု ဖြစ်သလိုပဲ ကုန်တင်ကုန်ချ
လုပ်နေရတာပေါ့။ ကုန်စည် စီးဆင်းမှုလည်းကြာတယ်။ အန္တရယ်လည်းများပါတယ်။
စီးပွားရေးတိုးတက်မှုလည်း နောက်ကျတယ်။ ဆိပ်ကမ်းပြီးသွားရင်တော့ သင်္ဘောနှစ်စီး
တစ်ပြိုင်တည်းကပ်ပြီး တင်ချလုပ်နိုင်မယ်။ ကုန်စည်စီးဆင်းမှုကတော့ အများကြီးကို
တိုးတက်လာမှာ ဖြစ်ပါတယ်'' ဟု တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် ဖွံ့ဖြိုးတိုးတက်မှု
ဦးစီးဌာန ညွှန်ကြားရေးမှူးဦးတိုးအောင်လင်းက ပြောသည်။
















