ပြီးခဲ့သည့် ရက်သတ္တပတ်က ရှားပါးမျိုးစိတ်တစ်ခုဖြစ်သည့် ဧရာဝတီလင်းပိုင် သေဆုံးခဲ့ခြင်းမှာ
အသက်အရွယ် ကြီးရင့်လာသည့်အတွက် သေဆုံးခြင်းဖြစ်နိုင်ကြောင်း သွားရောက် စုံစမ်းခဲ့သည့်
မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယခုလ ၂၅ ရက်က ပြောသည်။
''အခု သေဆုံးတဲ့ ဧရာဝတီလင်းပိုင်က အသက်ကြီးလာလို့ သေဆုံးတာ ဖြစ်နိုင်တယ်။ အစာအိမ်ထဲမှာ
အရင်က မတွေ့ဘူးတဲ့ သားအိမ်အပိုင်းအစတွေကိုလည်း တွေ့ရတယ်။ နောက်တစ်ခုက ထိခိုက်မှုကြောင့်
သေဆုံးတာမျိုး မဟုတ်ဘူး။ ထိခိုက်တဲ့ဒဏ်ရာလည်း မတွေ့ရဘူး။ အဲဒီလိုအချက်တွေကြောင့်
အသက်အရွယ်ကြီးလာလို့ သေဆုံးတာလို့သုံးသပ်တာပါ'' ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
ယခုလ ၂၁ ရက်က မတ္တရာမြို့နယ်၊သုံးဆယ်ပေကျေးရွာအနီးတွင် သေဆုံးလျက်တွေ့ရှိသည့်
ဧရာဝတီလင်းပိုင်၏ သက်တမ်းကို အသက် ၃ဝ နှစ်ခန့်ရှိပြီဟု ခန့်မှန်းထားကြောင်းနှင့်
ခွဲစိတ်ကြည့်ရာတွင် အစာအိမ်အတွင်း၌ ငါးအကောင်လိုက် မျိုချထားသည်ကို တွေ့ရှိခဲ့ကြောင်း
၄င်းက ပြောသည်။
''သေဆုံးတဲ့ လင်းပိုင်က အထီးဖြစ်တယ်။ လုံးပတ်က လေးပေ တစ်လက်မ၊ အလျားကခြောက်ပေ
သုံးလက်မရှိတယ်။ အခုသေဆုံးတဲ့အကောင်က ထိန်းသိမ်းရေး ဧရိယာဇုန်ထဲက မဖြစ်နိုင်ဘူး။
အထက်ပိုင်းကနေ သေဆုံးပြီး ဒီအောက်ကို ရောက်လာတာပါ။သူသေဆုံးတဲ့ ရက်ကလည်း
၁၉ ရက်ကလောက် ဖြစ်နိုင်တယ်'' ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ယခုနှစ် ဧပြီလအတွင်းကလည်း စဉ့်ကူးမြို့နယ်၊ မြစ်ကမ်းကြီးကျေးရွာအနီးတွင် အမြီးပြတ်ရှ
ဒဏ်ရာဖြင့် လင်းပိုင်တစ်ကောင်သေဆုံးမှုဖြစ်ပေါ်ခဲ့ပြီး အဆိုပါ လင်းပိုင်သေဆုံးခြင်းမှာ
ငါးဖမ်းပိုက်ငြိပြီး သေဆုံးခြင်းဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သုံးသပ်ထားသည်။
''လင်းပိုင်တွေ သေဆုံးတာက အခုအကောင်နဲ့ဆိုရင် နှစ်လ တစ်ကောင်လောက်သေဆုံးတဲ့ပုံစံ
ဖြစ်နေပြီ။ ကြာလာရင် ရှားပါးမျိုးစိတ်တစ်ခုဖြစ်တဲ့ ဧရာဝတီလင်းပိုင်တွေ ပျောက်ကွယ်သွားနိုင်
လာတယ်။ သေချာကိုကြပ်ကြပ်မတ်မတ် ထိန်းသိမ်းဖို့ လုပ်ဆောင်လာရမယ်။ အခုက
ထိန်းသိမ်းခြင်းလုပ်ငန်းတွေလုပ်ဆောင်ဖို့ လုပ်နေချိန်မှာပဲ လင်းပိုင်တွေက တစ်ကောင်ပြီး
တစ်ကောင်သေနေပြီ။ အဲဒါတွေက အရမ်းစိုးရိမ်ဖို့ လိုနေပြီ''ဟုဧရာဝတီလင်းပိုင် ထိန်းသိမ်း
စောက်ရှောက်ရေးနှင့် အကျိုးတူ ငါးဖမ်းရေလုပ်သား အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဦးမောင်လေးက
ပြောသည်။
ယခု လင်းပိုင်တစ်ကောင် သေဆုံးခြင်းကြောင့် ဧရာဝတီလင်းပိုင်အကောင်ရေမှာ ဧရာဝတီမြစ်
အတွင်း၌ ၆၉ ကောင်ခန့်သာကျန်ရှိနိုင်ကြောင်း ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးအဖွဲ့မှ သိရသည်။















