အခွန်တံဆိပ်မကပ်သည့် ရွှေဆိုင်များ ဇူလိုင်မှ စတင်ကာ အရေးယူမည်

အခွန်တံဆိပ်မကပ်သည့် ရွှေဆိုင်များ ဇူလိုင်မှ စတင်ကာ အရေးယူမည်

 

ရွှေအရောင်းပြေစာများတွင် ရွှေအခွန်အမှတ်တံဆိပ်များ ကပ်ခြင်း မရှိသည့် မန္တလေးတိုင်းအတွင်းရှိ
ရွှေဆိုင်များကို ဇူလိုင် ၁ ရက်မှစတင်ကာ အရေးယူမည်ဖြစ်ကြောင်း မန္တလေးတိုင်း အခွန်ဦးစီးဌာနမှ
တာဝန်ရှိသူတစ်ဦးက ယခုလ ၂၇ ရက်က ပြောသည်။

တိုင်းအတွင်းရှိ ရွှေဆိုင်များကို ရွှေထည်ပစ္စည်းများ ရောင်းချပါက ရွှေအခွန်တံဆိပ်များ ကပ်ရန်အတွက်
ဇွန် ၁ ရက်မှ စတင်ကာ အသိပေးခြင်းများပြုလုပ်ထားပြီး၊ လက်ရှိ ဇွန်လတစ်လလုံးကို
ပညာပေးကာလအဖြစ် သတ်မှတ်ထားကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

''ကျွန်တော်တို့ဘက်ကနေ သူတို့ဆိုင်တွေကို ရွှေအခွန်တံဆိပ်တွေ ပေးထားပြီးဖြစ်ပါတယ်။
သူတို့အနေနဲ့ သတ်မှတ်ထားတဲ့စည်းကမ်းတွေအတိုင်း လိုက်ပါ ဆောင်ရွက်မယ်လို့ မျှော်လင့်တယ်။
စည်းကမ်းဖောက်ဖျက်တာမျိုးတွေလုပ်တာ တွေ့ရင်တော့ အရေးယူတာမျိုးတွေ လုပ်ဆောင်
သွားမယ်'' ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

လက်ရှိအချိန်တွင် တိုင်းအတွင်းရှိ ရွှေဆိုင်များကို ၁ဝဝ တန်၊ ၂ဝဝ တန်၊ ၅ဝဝ တန်၊၁,ဝဝဝ တန်၊
၅,ဝဝဝ တန်၊ ၁ဝ,ဝဝဝ တန် ရွှေအခွန်တံဆိပ်ခေါင်းများ ထုတ်ပေးထားပြီး၊ အခွန်တံဆိပ်ခေါင်း
မကပ်သည့်ဆိုင်များကိုကုန်သွယ်ခွန်ဥပဒေများဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါ
တာဝန်ရှိသူက ပြောသည်။

''ရွှေလည်းဝယ်ရသေးတယ်။ ကိုယ်ကလည်း အခွန်ဆောင်ရမယ် ဆိုတာကတော့ သိပ်သဘော
မကျဘူး။ ရွှေဆိုင်ကကျွန်တော်တို့ဆီကနေ အမြတ်ငွေယူပြီးရောင်းထားတယ်။ အဲဒါကိုမှ ကျွန်တော်
တို့က ထပ်ပြီး အခွန်ဆောင်ပေးရမယ်ဆိုတာကိုတော့ သဘောမကျပေမဲ့ လိုက်နာရမှာပဲ။
ဖွံ့ဖြိုးပြီးနိုင်ငံတွေအတိုင်း လုပ်တာ ဖြစ်ပေမဲ့ ကျွန်တော်တို့ နိုင်ငံအခြေအနေနဲ့ဆိုရင် ဒီလိုအခွန်ဆောင်
တဲ့စနစ်ကို လူတိုင်းနီးပါးသဘောကျမယ်လို့ မထင်ပါဘူး။ နောက်လကနေ စမယ့် အခွန်စနစ်မှာ
အခွန်စဆောင်တဲ့ ပြည်သူတွေရဲ့ အခွန်တွေက အစိုးရဘဏ္ဍာငွေထဲကို ရောက်ပါစေလို့ပဲ
မျှော်လင့်တယ်''ဟု မန္တလေးမြို့ခံတစ်ဦးဖြစ်သူ ကျုရှင်ဆရာ ဦးကျော်နိုင်က ပြောသည်။

လာမည့် ဇူလိုင်မှ စတင်မည့် ရွှေအခွန်စနစ်တွင် ရွှေထည်ပစ္စည်းရောင်းရငွေ၏ တစ်ရာခိုင်နှုန်းကို
အခွန်ဆောင်ရမည်ဖြစ်ပြီး ကျောက် ပါပါက အဆိုပါ ကျောက်တန်ဖိုး၏ ငါးရာခိုင်နှုန်းကို
ထပ်မံကောက်ခံမည်ဖြစ်ကြောင်း မန္တလေးတိုင်းအခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ
သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး