ရှေးယခင်က ပုဂံမြို့၊ မင်္ဂလာသာစည်ရပ်ကွက်ရှိ ဘုရားကျွန်များကို အခြေခံပြီးရိုက်ကူးပြသခဲ့သည့်
'ကျွန်' ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်ခဲ့သည့် စကားလုံး အသုံးအနှုန်းများနှင့် သရုပ်ဖော်ပုံများမှာ ဒေသခံ
ကလေးငယ်များ၏ အနာဂတ်ကို ထိခိုက်မှုရှိသည့်အတွက် ဒေသခံများက မြန်မာနိုင်ငံရုပ်ရှင်
အစည်းအရုံးထံ တောင်းဆိုချက်ခြောက်ချက်ပါ အကြောင်းကြားစာ ပို့ခဲ့ရာတွင် အချက်လေးချက်ကို
သဘောတူညီမှု ရရှိခဲ့ကြောင်း ဒေသခံများကိုယ်စား တောင်းဆိုပေးသည့် ညောင်ဦးမြို့ အမှတ်(၅)
ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးစန်းမောင်ကယခုလ ၂၆ ရက်က ပြောသည်။
''မနေ့က ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းနဲ့
တွေ့ဖြစ်တယ်။ သူတို့ဘက်ကနေ အချက်လေးချက်ကို သဘောတူပေးနိုင်ကြောင်း ပြောပါတယ်။
ကျန်တဲ့အချက်နှစ်ချက်မှာ တစ်ခုကတော့ သူတို့နဲ့မဆိုင်လို့၊ နောက်တစ်ခုကတော့ ဒေသခံတွေ
မကြိုက်တဲ့နေရာတွေကို ဖြေရှင်းလို့ရတဲ့အကြောင်း ပြောပါတယ်။ သူတို့ဘက်က ပြောတဲ့အချက်
နှစ်ခုကိုတော့ ဒေသခံတွေကို ပြောရဦးမယ်။ ဒေသခံတွေ သဘောတူမတူဆိုတာ ရှိပါသေးတယ်။
ဒါပေမဲ့ အခုတွေ့ဆုံမှုက အဆင်ပြေပါတယ်လို့ ပြောလို့ရပါတယ်''ဟု ဦးစန်းမောင်က ဆိုသည်။
ဒေသခံများ တောင်းဆိုသည့် အချက်ခြောက်ချက်မှာ ရုံတင်ပြသခြင်းများ ချက်ခြင်း ရပ်တန့်ရန်၊
အကယ်ဒမီပေးပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန်၊ ခိုးကူးခွေများ ထွက်ပေါ်မလာရန်၊
ဗီဒီယိုဇာတ်လမ်းအဖြစ် ဖြန့်ဝေခြင်းမပြုရန်၊ အင်္ဂလိပ်စာတန်းထိုးပြီး နိုင်ငံတကာသို့
မပြသရန်နှင့် ရိုက်ကူးမှုမှားယွင်းကြောင်း တိုင်းသိ ပြည်သိဖြစ်ရန် မီဒီယာများမှ တစ်ဆင့်
တောင်းပန်ရန် စသည့် အချက်တို့ ဖြစ်ပြီး၊ ဒေသခံများ၏ သဘောထားကို တောင်းခံရမည့်
အချက်နှစ်ချက်မှာ အကယ်ဒမီပေးပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုရန်နှင့် ဗီဒီယိုဇာတ်လမ်း
အဖြစ် ဖြန့်ဝေခြင်းမပြုရန်ဆိုသည့် အချက်တို့ဖြစ်ကြောင်း ဦးစန်းမောင်ထံမှ သိရသည်။
''အကယ်ဒမီပေးပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခြင်းမပြုရန်ဆိုတဲ့ အချက်ကတော့သူတို့နဲ့ မဆိုင်ဘူး။
ပြန်ကြားရေးဝန်ကြီးဌာနနဲ့ပဲ ဆိုင်တာ ဖြစ်တဲ့အတွက် သူတို့လုပ်ဆောင်ပေးလို့မရတဲ့အကြောင်းနဲ့
ဗီဒီယို ပြန်လည် မဖြန့်ရန်ဆိုတဲ့ အချက်ကျဒေသခံတွေ မကြိုက်နှစ်သက်တဲ့ နေရာတွေကို
ပြန်လည်ဖျက်ပြီး ဖြန့်လို့ရတဲ့အကြောင်းပြောတယ်။ အခု သူတို့ပြောတဲ့ အကြောင်းအရာတွေကို
ဒေသခံတွေကို ရှင်းပြမယ်။ဒေသခံတွေက လက်မခံရင်တော့ အရင်တိုင်းပဲ တရားစွဲဆိုတာမျိုးတွေ
ဆက်လုပ်သွားမှာ ဖြစ်ပါတယ်'' ဟု ဦးစန်းမောင်က ဆိုသည်။
ထို့ပြင် အဆိုပါ 'ကျွန်' ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်ပြီး ထုတ်လုပ်သူ၊ သို့မဟုတ် ဒါရိုက်တာ၊
သို့မဟုတ် ဇာတ်ညွန်းဆရာ တစ်ဦးဦးကို တရားစွဲဆိုရန် စီစဉ်နေကြာင်းနှင့် စွဲဆိုခြင်း
အကြောင်းအရာကိုဥပဒေပညာရှင်များနှင့် တိုင်ပင်နေကြောင်းရှေးဟောင်းသုတေသနနှင့်
အမျိုးသားပြတိုက် ဦးစီးဌာနညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။
''ကျွန်တော့်တစ်ယောက်တည်း ဆန္ဒအတိုင်း ရှင်းရှင်းပြောရရင် ဒီဇာတ်ကားကိုသူတို့
လက်ဝယ်မှာ မရှိစေချင်တော့ဘူး။နစ်နာတဲ့ စကားလုံးကို ဖျက်မယ်ဆိုရင်လည်း ဇာတ်လမ်း
အဓိပ္ပာယ်က ဘုရားကျွန်ဆိုတာ သိသာနေသေးတာပဲ။ အဲဒီတော့ဖျက်ကို ဖျက်စေချင်တယ်။
ဒါပေမဲ့ ဒီလိုလုပ်ဖို့ဆိုတာကလည်း အများသဘောလိုသေးတယ်။ ကျွန်တော်တို့ ဒေသခံတွေ
စုပေါင်းပြီးမှပဲ ဆုံးဖြတ်တော့မယ်''ဟုမင်္ဂလာသာစည်ရပ်ကွက် ဒေသခံ ဦးမျိုးမင်းက
ပြောသည်။
အဆိုပါ ကျွန်ရုပ်ရှင်ဇာတ်ကားကိုအခြားနေရာတွင် ရိုက်ကူးပြီး မင်္ဂလာသာစည် ရပ်ကွက်
နာမည်သုံးခြင်းနှင့်အဆိုပါဇာတ်ကားတွင် ပါဝင်သည့် နူနာရောဂါသည်ပုံစံနှင့် သူတောင်းစားဟု
သုံးနှုန်းခြင်းများကို ဒေသခံများက ကန့်ကွက်ခြင်းဖြစ်ပြီး အဆိုပါဇာတ်ကားကိုဒါရိုက်တာ
ညွန့်မြန်မာညီညီအောင်က ရိုက်ကူးပြီး၊ ဇာတ်ညွန်းကို ကနုတ်မေကရေးသားကာ၊ အဓိက
ဇာတ်ဆောင်များအဖြစ် နေတိုး၊ မြင့်မြတ်၊ ဝတ်မှုန်ရွှေရည်တို့မှ ပါဝင်သရုပ်ဆောင်ထားသည်။















