မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးသို့လူဦးရေ ၂ဝဝ ဆံ့ အဆင့်မြင့် လေ့ကျင့်မှုစင်တာ
လှူဒါန်းခြင်းကို ဇွန် ၂၄ ရက်က မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ မန်းတောင်ရိပ်အဆောင်သစ်
အပေါ်ဆုံးထပ်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ စင်တာကို ပြည်သူ့ကျန်းမာရေးစောင့်ရှောက်ကုသမှုကဏ္ဍ အဆင့်မြင့်တိုးတက်လာရန်၊
ဆေးဘက်ဆိုင်ရာဘာသာရပ်များနှင့် ဆေးရုံသုံးစက်ကိရိယာဆိုင်ရာ လေ့ကျင့်သင်ကြားရေး
သင်တန်းများ၊ ကျန်းမာရေးဆိုင်ရာ အစည်းအဝေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများကို နိုင်ငံတကာ
အဆင့်မီကျင်းပပြုလုပ်နိုင်ရန်အတွက် လှူဒါန်းရခြင်းဖြစ်ကြောင်း Sea Lion Group
မှမန်နေးဂျင်း ဒါရိုက်တာဒေါက်တာ ဝင်းဇော်အောင်က ပြောသည်။
''ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ ပိုမိုကောင်းမွန် တိုးတက်ဖို့ကို
တစ်ဖက်တစ်လမ်းကနေ ဝိုင်းဝန်းပံ့ပိုးပေးတာပါ။ ဆေးပညာသင်ကြားရေး ဖွံ့ဖြိုးတိုးတက်မှု
အပိုင်းနဲ့ အရည်အသွေးပြည့်ဝတဲ့ ပညာရှင်တွေပေါ်ထွက်လာအောင် ဝိုင်းဝန်းကူညီဆောင်ရွက်
ပေးသွားမှာပါ'' ဟု ၄င်းက ပြောသည်။
အဆင့်မြင့်လေ့ကျင့်မှု စင်တာကို ၂ဝ၁၄ခုနှစ်က စတင် လုပ်ဆောင်ခဲ့ပြီး ၂ဝ၁၅ ခုနှစ်၊မတ်လတွင်
ပြီးစီးခဲ့ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ကျပ်သိန်းပေါင်း ၂,၁ဝဝ ကျော်ကုန်ကျပြီး ရုပ်သံနှင့်
ဗီဒီယိုပိုင်းဆိုင်ရာ စက်ကိရိယာများ ထည့်သွင်းတပ်ဆင်ထားကြောင်းဒေါက်တာ ဝင်းဇော်အောင်က
ပြောသည်။
''လူဦးရေ ၂ဝဝ ခန့် တက်ရောက်နိုင်တဲ့ခန်းမအပြင် လူဦးရေ ၈ဝ ခန့် ခန်းမနှစ်ခုရယ်၊
စားသောက်ခန်းတွေလည်း ပါဝင်ပါတယ်။ လွှဲပြောင်းလှူဒါန်းတာကတော့ ၂ဝ၁၇ ခုနှစ်၊
ဇွန် ၂၄ ရက်မှာ တရားဝင် လွှဲပြောင်း လှူဒါန်းပေးခဲ့တာပါ''ဟု ၄င်းက ပြောသည်။
''ခန်းမကြီးပြီးစီးကတည်းက နေ့တိုင်း အသုံးပြုခဲ့ပါတယ်။ ဆေးပညာနဲ့ဆိုင်တဲ့ဟောပြောပွဲတွေ၊
စာတမ်း ဖတ်ပွဲတွေ ပြုလုပ်ပါတယ်။ နိုင်ငံတော်ကနေပြုလုပ်ပေးရင်အရမ်းကုန်ကျမှု များပါတယ်။
အခုလိုလာရောက်လှူဒါန်းပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်'' ဟု မန္တလေး
အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာတင်တင်မိုးက ပြောသည်။
















