အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်နေ့အထိမ်းအမှတ်
အဖြစ် မြန်မာပြည်အထက်ပိုင်းရှိ ပြည်နယ်နှင့် တိုင်းခြောက်ခုမှ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို
ယခုလ ၂၆ရက်က မန္တလေးတောင် အားကစားကွင်းအတွင်း၌ သတ္တမအကြိမ်မြောက် မီးရှို့ ဖျက်ဆီးရာ
ယခင်နှစ်ထက် တန်ဖိုးငွေခြောက်ဆနီးပါး ပိုမို များပြားလာကြောင်း ဖျက်ဆီးသည့်စာရင်းအရ သိရသည်။
မီးရှို့ဖျက်ဆီးရာ၌ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊
ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့အတွင်းမှ ဖမ်းဆီးရမိသည့် ဘိန်းဖြူ ၆၈ ကီလိုကျော်၊ ဘိန်းစိမ်း ၂၆၂
ကီလိုကျော်၊ ဘိန်းဆီခဲ ၂၇ ကီလိုကျော်၊ အဆင့်နိမ့်ဘိန်း ၁၈ ကီလိုကျော်၊ ဘိန်းရည် ရ၉၆ လီတာကျော်၊
ဆေးခြောက် ၂၄ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၉ဝ ဒသမ ၆ ကျော်၊ ဆူဒိုအက်ဖီဒရင်း ဆေးပြား
၅ ဒသမ ရ သိန်းကျော်၊ အက်ဖီဒရင်းအမှုန့် ၅ဝ ကီလိုကျော်၊ ဒိုင်ယာဇီပမ် ရ၈၅ ပုလင်း၊ ထိုးဆေး ၉၉ ပုလင်း၊
မော်ဖင်း (ဝ ဒဿမ ဝ၁) ကီလိုကျော်၊ ကဖင်း ၁,၄၅၉ ကီလိုကျော်၊ အရိုးမီးသွေး ၂,၅ဝဝ ကီလို၊
ဟိုက်ဒရိုကလိုရစ်အက်စစ် ၁,၃၆၅ လီတာ၊ ဆာလဖြူရစ်အက်စစ် ၆၃၆ လီတာ၊ ကလိုရိုဖောင်း ၅,၂၃၂
ဒသမ ၅ လီတာ အပါအဝင်စုစုပေါင်းမူးယစ်ဆေးဝါး ၃၁ မျိုး၊ ကာလတန်ဖိုး ငွေကျပ် ၃၁,၉၆ဝ ဒသမ
၅ သန်းခန့်၊အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယခင် ၂ဝ၁၆ ခုနှစ်က
မီးရှို့ဖျက်ဆီးမှုမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ သန်းခန့်သာ ရှိခဲ့သည်။
''မူးယစ်ဆေးဝါး ပြဿနာဟာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးအနေနဲ့ ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာမျိုး
မဟုတ်ဘဲ နိုင်ငံတိုင်းသာမက တစ်ကမ္ဘာလုံးနဲ့ပါ သက်ဆိုင်ပြီးလူသားမျိုးနွယ်တစ်ရပ်လုံးနဲ့ အကျုံး
ဝင်ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာ ဖြစ်တယ်။ မြန်မာနိုင်ငံနေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုပပျောက်ရေးနဲ့
တားဆီးနှိမ်နှင်းတဲ့ လုပ်ငန်းတွေကို နိုင်ငံတွင်းသာမက နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့အတွက်
ပြည်သူလူထုကလည်း အဓိက အခန်းကဏ္ဍကနေ ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်'' ဟု မန္တလေးတိုင်း
ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
















