ယခုနှစ် တောင်ပြုန်းပွဲတော် ဇူလိုင် ၃၁ ရက်တွင် စတင်မည်

ယခုနှစ် တောင်ပြုန်းပွဲတော် ဇူလိုင် ၃၁ ရက်တွင် စတင်မည်

 

မြန်မာနိုင်ငံတွင် အစည်ကားဆုံးသော ပွဲတော်တစ်ခုဖြစ်သည့် တောင်ပြုန်းပွဲတော်ကို ဇူလိုင် ၃၁ ရက်မှ
စတင်၍ ရှစ်ရက်ကြာ ကျင်းပမည်ဖြစ်ပြီး စျေးဆိုင်ခန်း ဖွင့်လိုသူများကို စတင် ဖိတ်ခေါ်နေကြောင်း
တောင်ပြုန်းဆုတောင်းပြည့်၊ ဆုတောင်းရဘုရားဂေါပကအဖွဲ့ဝင် ဦးမြင့်ကိုဦးက ပြောသည်။

ကိုးကွယ်ယုံကြည်မှုဖြင့် အနယ်နယ် အရပ်ရပ်က လာရောက်သူများဖြင့် အထူးစည်ကားလေ့ရှိသော
အဆိုပါပွဲတော်ကို မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် တောင်ပြုန်းကြီးကျေးရွာတွင်
ကျင်းမည်ဖြစ်ကာ စျေးဆိုင်ခန်းများကို ယခင်နှစ်က ရောင်းချခဲ့သူများအား ဦးစားပေး
စတင် ရောင်းချပေးမည်ဖြစ်ကြောင်း ဦးမြင့်ကိုဦးက ပြောသည်။

"စျေးသူ စျေးသားတွေအနေနဲ့ ပြီးခဲ့တဲ့ နှစ်က ဆိုင်ခန်းငွေပေး ပြေစာဖြတ်ပိုင်းတွေ၊ စမတ်ကတ်တွေ
တစ်ပါတည်းယူပြီး ဒီနှစ်အတွက် ဆိုင်ခန်းဝယ်ယူလို့ ရပါပြီ။ သူတို့ကို ဇွန် ၂၅ ရက်ကနေ
ဇူလိုင် ၁ဝ ရက်အထိ ဦးစားပေးအစီအစဉ်နဲ့ စတင် ရောင်းချပေးသွားမှာပါ။ ဆိုင်ခန်းနှုန်းထားတွေ
ကိုလည်း သင့်တင့်တဲ့နှုန်းထားတွေ ဖြစ်အောင် စီစဉ်ထားပါတယ်။ တချို့နေရာတွေမှာ အရင်နှစ်ထက်
စျေးလျှော့ထားပါတယ်"ဟု ဦးမြင့်ကိုဦးက ယခုလ ၂၅ ရက်တွင် ပြောသည်။

ယခုနှစ်တွင် စျေးကြီး၊ စျေးလေးဧရိယာအတွင်း ဆိုင်ခန်းခများကို နေရာအကျယ်အဝန်းအလိုက်
အနည်းဆုံးကျပ် ၁၂ဝ,ဝဝဝ မှ အများဆုံး ကျပ် ၂ဝဝ,ဝဝဝ အထိ သတ်မှတ်ထားကြောင်း၊ ယမန်နှစ်က
ဆိုင်ခန်းပေါင်း ၈ဝဝ ကျော် ထွက်ရှိခဲ့ကြောင်း ဦးမြင့်ကိုဦးက ပြောသည်။

တောင်ပြုန်းပွဲဆိုင်ရာ လုပ်ငန်းများဖြစ်သည့် စျေးကြီး၊ စျေးလေး၊ ရွှေဆိုင်း၊ လျှပ်စစ်မီး စသော
လုပ်ငန်းများ လုပ်ကိုင်ခွင့်ကို ယခင်က လေလံမပစ်၊ တင်ဒါမခေါ်ခဲ့ဘဲနန်းထိန်းက ကိုင်တွယ်ခဲ့သည်။

သို့သော်၂ဝ၁၂ ခုနှစ်မှ စတင်၍ လေလံစနစ် ကျင့်သုံးခဲ့ရာ စီးပွားရေးသမားများက လေလံကြေး
အပြိုင်အဆိုင်ပေး၍ ဝယ်ယူခဲ့ရာ စျေးဆိုင်ခန်းခများပါ မြင့်တက်ခဲ့ပြီး စျေးသည်များ
ဒုက္ခရောက်ခဲ့ကြရပြီးနောက် ပြီးခဲ့သော ၂ဝ၁၆ ခုနှစ်မှစတင်ကာ ဂေါပကအဖွဲ့က
ပြန်လည်စီစဉ်ပေးခြင်းဖြစ်သည်။

ပွဲတော်ရက် ရှစ်ရက်အတွင်း စတုတ္ထရက်ဖြစ်သော တောင်ပြုန်းမင်းနှစ်ပါး ချိုးရေတော်သုံးသည့်နေ့တွင်
ပွဲတော်မှာ တိုးမပေါက်အောင် စည်ကားတတ်သည်။

အဆိုပါနေ့မှ စတင်ကာ နန်းကြီးမှ ဆိုင်း စတင်တီးရပြီး နန်းကြီးဆိုင်းတီးပြီးနောက်မှ ပွဲတော်ဧရိယာ
အတွင်းရှိ အခြားနတ်နန်းများ စတင်တီးရသည်။

ပွဲတော်မှာ ရိုးရာမပျက် လာရောက်ကြသူများ၊ အပျော်အပါး အလည်အပတ်အဖြစ်
လာရောက်ကြသူများကြောင့် စည်ကားသည့်အပြင် မိန်းမလျာများစွာ တွေ့ရသော
ပွဲတော်အဖြစ်လည်း ထင်ရှားသည်။

မန္တလေးမြို့တွင်းမှ တောင်ပြုန်းပွဲတော်သို့ ကား၊ သို့မဟုတ် ဆိုင်ကယ်ဖြင့် သွားလာပါက ပုံမှန်အားဖြင့်
၄၅ မိနစ်ခန့်သာ ကြာမြင့်နိုင်သော်လည်း လာရောက်သူ များပြားခြင်းကြောင့် အချိန်ကြာမြင့်စွာ
လမ်းပိတ်ဆို့မှုကြံုရတတ်သည်။

ထို့ပြင် လမ်းတစ်လျှောက်တွင် အပျော်တမ်း ပိုက်ဆံတောင်းသူ အများအပြားရှိခြင်းကြောင့်
ယာဉ်အန္တရာယ် မဖြစ်ပွားစေရန် သတိပြုရန် လိုအပ်ကြောင်း နှစ်စဉ်သွားလေ့ရှိသူ အချို့က ပြောသည်။

တောင်ပြုန်းပွဲတော်ကာလတွင် မြန်မာ့မီးရထားက ပုံမှန်တွဲဆိုင်းများအပြင် အထူးရထားတွဲများ တိုးချဲ့၍
မန္တလေးရှိ သူရဲစျေးဘူတာမှ မတ္တရာသို့ အစုန်အဆန် ပြေးဆွဲပေးလေ့ရှိသည်။

ကရေကရာ၊ အနုဆုပ်၊ ခေါပြင်စသော ဒေသထွက် ရိုးရာအစားအစာများကို မြည်းစမ်းနိုင်သည့်အပြင်
ဇာတ်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ကျန်းမာရေးဆိုင်ရာ ပြခန်းများလည်း ပွဲတော်တွင် ပါဝင်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး