မကွေးတက္ကသိုလ် မျက်နှာစာရှိ မကွေး-တောင်တွင်းကြီး ကားလမ်းပေါ်ရှိ သက်တမ်းရင့် သစ်ပင်များအား
ကြက်ခြေခတ် အမှတ်အသားပြုလုပ်၍ ခုတ်လှဲရန် လျာထားမှုအပေါ် မကွေးဒေသခံများမှ ဝေဖန်မှုများ
ပြုလုပ်လျက်ရှိသည်။
ယခုလ ၂၆ ရက်နေ့ ညနေပိုင်းတွင် မကွေးတောင်တွင်းကားလမ်းမဘေး ၀ဲယာရှိ သစ်ပင်များအား
ထုံးဖြင့် ကြက်ခြေခတ်အမှတ်အသား ပြုလုပ်ထားမှုအား ဒေသခံများမှ တွေ့ရှိခဲ့ပြီးနောက်
သစ်ပင်ခုတ်ရန်ရည်ရွယ်မှုအား ကန့်ကွက်သည့်ဝေဖန်မှုများ မြင့်တက်လာခဲ့ပြီး ဒေသခံအများစုက
လက်မခံဟုဆိုကြသည်။
အဆိုပါ မကွေးတောင်တွင်းကားလမ်းသည် Max Myanmar ကုမ္ပဏီမှ BOT စနစ်ဖြင့်
တာဝန်ယူဆောင်ရွက်နေသည့်လမ်းပိုင်းဖြစ်ပြီး၊ လက်ရှိလမ်းအကျယ် ၃၆ ပေအား ၄၄ပေ သို့ ချဲ့ထွင်ရန်
ပြည်ထောင်စုအဆင့်မှ ညွှန်ကြားချက်ထုတ်ပြန်ထားသည်ဟု ယင်းကုမ္ပဏီ၏ မကွေးခရိုင်တာဝန်ခံက
ယခုလ၂၈ ရက်နေ့တွင် သတင်းထောက်များသို့ပြောသည်။
“မကွေးတက္ကသိုလ်အရှေ့ကနေ လေတပ်ထိပ်အထိ ၂ မိုင်ကို နိုင်လွန်ကတ္တရာခင်းဖို့
ပြည်ထောင်စုအဆင့်က ညွှန်ကြားထားတာရှိပါတယ်၊ လမ်းချဲ့ရမယ့် အနေအထားမှာ သစ်ပင်တွေ၊
ပလတ်ဖောင်းတွေနဲ့ ဓာတ်တိုင်တွေပါနေပါတယ်၊ ဒီသစ်ပင်တွေ ခုတ်ဖို့ကို ကျွန်တော်တို့ဆုံးဖြတ်လို့
မရပါဘူး၊ အဲဒီကိစ္စနဲ့ပါတ်သက်ပြီး မြို့နယ်ထွေအုပ်ကို ၉ ရက်နေ့က စာတင်ထားပါတယ်”ဟု
Max Myanmar ကုမ္ပဏီ၏ မကွေးခရိုင်တာဝန်ခံက ပြောသည်။
နိုင်လွန်ကတ္တရာခင်းရန် ညွှန်ကြားချက် လက်ခံရရှိသည့် အဆိုပါလမ်းပိုင်းတွင် နှစ်ပေါင်းတစ်ရာကျော်
သက်တမ်းရှိ ကုက္ကိုလ်ပင်ကြီးများ ပါ၀င်နေပြီး ညောင်ပင်၊ ယင်းမာပင်၊ တမာပင်များ အပါအဝင်
အပင်ပေါင်း ၈၇ ပင်အား ခုတ်လှဲရမည့် အခြေအနေတွင် ရှိနေသည်ဟု ၎င်းကဆိုသည်။
မကွေးတိုင်းဒေသကြီး သစ်တောဌာနတွင် သစ်ပင်များခုတ်လှဲရန်ကိစ္စဖြင့် ပတ်သက်သည့်
ခွင့်ပြုချက်တောင်းခံခြင်း အသိပေးခြင်း တစုံတရာအား ယခုလ ၂၈ ရက်နေ့အထိ လက်ခံရရှိခြင်း
မရှိသေးကြောင်း တိုင်းသစ်တောဦးစီးဌာန၏ တာဝန်ရှိသူ ဦးမြင့်သိန်းခိုင်မှ ဆိုသည်။
“သစ်ပင်နဲ့ ပတ်သက်လာရင် သစ်တောနဲ့ ဆိုင်ပါတယ်၊ ၀န်ကြီးဌာနရဲ့သဘောထားမှတ်ချက်ကို ရယူဖို့
လိုပါတယ်၊ အဲဒီလိုဆောင်ရွက်ရမယ်လို့လဲ ဥပဒေမှ ပြဌာန်းထားတယ်၊ နောက်ပြီးတော့ ပတ်ဝန်းကျင်
ထိန်းသိမ်းရေးကိစ္စတွေမှာ အစိုးရကနေ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ တာဝန်ရှိတယ်၊ တာဝန်ယူပြီး
လုပ်ရမယ်၊ ၂၀၀၈ အခြေခံ ဥပဒေ ၃၉၀(စ)မှာ လည်း ပြည်သူပြည်သား အားလုံးကလည်း
နိုင်ငံတော်ကသဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်မှုမှာ ပူးပေါင်းပါ၀င် ဆောင်ရွက်ရမယ်လို့
ဆိုထားတယ်၊ လူတိုင်းမှာ တာဝန်ရှိပါတယ်” ဟု ၎င်းမှပြောသည်။
မကွေးတိုင်းအတွင်း လမ်းချဲ့ထွင်ရန်အတွက် မကွေးရေနံချောင်း ကျောက်ပန်းတောင်းလမ်းပိုင်းမှ
သက်တမ်းရင် သစ်ပင်ပေါင်း ၅၀၃ ပင်နှင့် မင်းဘူး၊ စလင်းတညောင် ကားလမ်းချဲ့ရန် သစ်ပင်ပေါင်း
၅၆၅ ပင် ခုတ်လှဲရန်စီစဉ်မှုများ ရှိခဲ့ပြီး ဒေသခံများ၏ ကန့်ကွက်မှုကြောင့် အဆိုပါစီမံကိန်းများအား
ရပ်ဆိုင်းထားလျှက်ရှိသည်။
















