မြန်မာနိုင်ငံအတွင်း စာသင်ကျောင်းဆောက်လုပ်ရန်လိုအပ်နေသော ကျေးရွာများအနေဖြင့်
'ကျောင်း ၁ဝဝ' စီမံကိန်းအဖွဲ့ (100schools.org) သို့ ဆက်သွယ်အကူအညီတောင်းခံ
နိုင်ပြီး အမှန်တကယ်လိုအပ်ချက်ဖြစ်ပါက အခမဲ့ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း
အဆိုပါအဖွဲ့ တာဝန်ရှိသူများက ပြောသည်။
နှစ်စဉ် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ မြန်မာနိုင်ငံအနှံ့ရှိ ကျေးရွာများတွင် မူလတန်း၊
အလယ်တန်းနှင့် အထက်တန်းအဆင့်စာသင်ကျောင်းဆောင်များကို ဆောက်လုပ်ပေးခဲ့ပြီး
ဖြစ်ကာ၊ ဆက်လက် ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း 100 Schools အုပ်ချုပ်မှုဒါရိုက်တာ
Mr John D. Stevens က ပြောသည်။
''၂ဝဝ၅ ခုနှစ်က စပြီး လက်ရှိအချိန်အထိ ကျေးရွာတွေမှာ စာသင်ကျောင်းပေါင်း ၅၅
ကျောင်းဆောက်လုပ်ပြီးပါပြီ။ ဒီ ၅၅ ကျောင်းမှာ ၅၄ ကျောင်းက မြန်မာနိုင်ငံတွင်းမှာဖြစ်ပြီး
ကျန်တဲ့တစ်ကျောင်းက ထိုင်းနယ်စပ်က ကရင်ရွာထဲမှာပါ''ဟု မစ္စတာစတီဗင်က ပြောသည်။
လာမည့် ၂ဝ၁၈ ခုနှစ်အတွင်း ဆောက်လုပ်မည့် ကျောင်းများကို ယခုနှစ် နိုဝင်ဘာလတွင်
အပြီးသတ် ရွေးချယ် စာရင်းပြုစုသွားမည်ဖြစ်ကြောင်း၊ ဆောက်လုပ်ရာတွင် လက်သမား၊
ပန်းရံ စသော ဆောက်လုပ်ရေးလုပ်သားများအပါအဝင် အဖွဲ့ဝင် ၃၅ ဦးဖြင့်ဆောက်လုပ်
ပေးကြောင်း 'ကျောင်းပေါင်း ၁ဝဝ' စီမံကိန်းမန်နေဂျာ ဦးမောင်မောင်ကြီးက ပြောသည်။
''အမှန်တကယ် ကျောင်းလိုအပ်ချက်ရှိတဲ့သူတွေကို ကြိုလည်းကြိုဆိုတယ်၊ စောင့်လည်း
စောင့်မျှော်နေပါတယ်။ ဒါပေမဲ့ကျွန်တော်တို့က မြို့တွေပေါ်တော့ ဆောက်မပေးပါဘူး။
လိုအပ်ချက်ဖြစ်နေတဲ့ ကျေးရွာတွေကို ဦးစားပေးပါတယ်။ တောင်းခံလာတဲ့အပေါ်မှာ
အနီးအဝေး မတွက်ပါဘူး။ ဘယ်လောက်ဝေးဝေး သွားဆောက်ပါတယ်။ လာတောင်းတဲ့
သူတွေသာမက ကျွန်တော်တို့ကိုယ်တိုင်လည်း ရှာတယ်၊ ပညာရေးမှူးရုံးတွေနဲ့လည်း
ဆက်သွယ်လုပ်ဆောင်ပါတယ်''ဟု ဦးမောင်မောင်ကြီးက ယခုလ ၂၄ ရက်တွင် ပြောသည်။
ကျောင်းဆောင်မှာ ကြီးမားပါက ဘဏ္ဍာငွေအပေါ်မူတည်၍ တစ်နှစ်လျှင် ငါးကျောင်းခန့်
ဆောက်လုပ်ပေးနိုင်ကြောင်း၊ သို့ရာတွင် ကျောင်းဆောင်သာမက ဆရာများနေထိုင်ရန်
အဆောင်များ၊ သန့်စင်ခန်းများ၊ ကွန်ပျူတာ၊ ရေစင်များနှင့် ရေသန့်စက်၊ ဆေးခန်း၊
စာကြည့်တိုက် စသောလိုအပ်ချက်များရှိပါက ထပ်မံ ဖြည့်ဆည်းပေးကြောင်းပြောသည်။
''ရထားတဲ့ ကျောင်းစာရင်းက ဒီနှစ်ရထားတဲ့ ဘဏ္ဍာငွေအရ မဝင်ခဲ့ရင် နောက်နှစ်စာရင်း
ထဲမှာထည့်ပြီး ဆက်လုပ်ပေးပါတယ်။ လိုအပ်တဲ့ ငွေကြေးကို နိုင်ငံတကာအခြေစိုက်
အဖွဲ့အစည်း ငါးခုက ထောက်ပံ့ပေးတယ်။ လုပ်ဆောင်ခဲ့တဲ့ ၁ဝ နှစ်ကျော်ကာလအတွင်း
စာသင်ကျောင်းဆောင်တွေသာမက တခြားလိုအပ်ချက်တွေပါ လုပ်ခဲ့တာကြောင့်
ငွေပမာဏက ကျပ်သိန်းသောင်းဂဏန်းအထိ ရှိနိုင်ပါတယ်''ဟု ဦးမောင်မောင်ကြီးက
ပြောသည်။
စာသင်ကျောင်းဆောင် လိုအပ်ချက်ရှိပါက 100 Schools ၊ အမှတ် ၄၂၊ ၆၂ လမ်း၊ ၁၆ လမ်း
နှင့် ၁၇ လမ်းကြား၊ နန်းရှေ့ရပ်၊ မန္တလေးမြို့သို့ ဆက်သွယ်စုံစမ်းနိုင်သည်။
















