ပြင်ပ သတင်းစကားများအတိုင်း ဖြစ်လာပါကကားစျေးကွက်အပြောင်းအလဲ များပြားနိုင်

ပြင်ပ သတင်းစကားများအတိုင်း ဖြစ်လာပါကကားစျေးကွက်အပြောင်းအလဲ များပြားနိုင်

ကားအရောင်းအဝယ် စျေးကွက်အတွင်း ကြားသိနေရသော ပြင်ပသတင်းစကားများ
အတိုင်း ကားတင်သွင်းခွင့်ဆိုင်ရာမူဝါဒများ အမှန်တကယ် ဖြစ်ပေါ်လာပါက ကား
စျေးကွက်မှာ အပြောင်းအလဲများပြားနိုင်ကြောင်း ကားဝယ်ရောင်း လုပ်ကိုင်နေသူအချို့က 
သုံးသပ်ပြောကြားသည်။

ရန်ကုန်ရှိ သက်တမ်းနှစ် ၂ဝ ရှိကားများကို နယ်မြို့များတွင်သာ အသုံးပြုခွင့်ပေးတော့မည်၊
မော်ဒယ်မြင့် ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့် ပြုတော့မည်ဆိုသည့်သတင်း
စကားများ အရောင်းအဝယ် စျေးကွက်အတွင်း ထွက်ပေါ်နေကြောင်း၊ အဆိုပါသတင်း
စကားများကြောင့် ကားစျေးကွက်အရောင်းအဝယ်တွင် လတ်တလောရိုက်ခတ်မှုများ
မရှိသေးသော်လည်း အမှန်တကယ်ဖြစ်လာပါမူ လာမည့် ၂ဝ၁၈ ခုနှစ်တွင်စျေးကွက်၌
အပြောင်းအလဲ ကြီးမားနိုင်ကြောင်း စည်ပင်သာယာရေးကော်မတီ ယာဉ်ရောင်းဝယ်ရေး
စခန်း (ပြည်ကြီးမျက်ရှင် ယာဉ်ရောင်းဝယ်ရေးစခန်း) အတွင်းရေးမှူးဦးဝင်းမြင့်ဦးက
ပြောသည်။

''သက်တမ်းနှစ် ၂ဝ ကားတွေကတော့ နဂိုကတည်းက ကားဟောင်းအရည်ကျိုအပ်လို့
ရတယ်။ ကြားနေရတဲ့ သတင်းစကားတွေအရ ရန်ကုန်မှာ အဲဒီကားတွေသက်တမ်းတိုးခွင့်
မရရင် စီးနင်းခွင့်တော့ ရှိမယ်ထင်တယ်။ နယ်လိုင်စင်လည်း ခွင့်မပြုတော့ဘူးဆိုရင်၊
မော်ဒယ်မြင့် ဘယ်မောင်းကားတွေပဲ သွင်းခွင့်ပေးမယ်ဆိုရင်တော့ ကားစျေးကွက်က
ကြီးမားတဲ့ အပြောင်းအလဲဖြစ်နိုင်တာပေါ့။ ကားစျေးကွက်မှာ ဒီလိုကြားရတဲ့သတင်းတွေက
လက်တွေ့ဖြစ်လာတတ်ပါတယ်။ တကယ်တမ်းကျတော့ လက်ရှိမှာကားအစုတ်တွေကို
အရည်ကျိုအပ်ပြီးရင် တစ်ပတ်ရစ်ကားဟောင်းတွေပဲ ပြန်သွင်းရသလို ဖြစ်နေတယ်။
မော်ဒယ်မြင့် ဘယ်မောင်းတွေချည်း သွင်းရမယ်ဆိုရင်တော့ ရှိပြီးသား ညာမောင်း
တစ်ပတ်ရစ်ဂျပန်ကားတွေ စျေးနှုန်းက တရိပ်ရိပ်တက်လာနိုင်သလို တစ်ဖက်မှာ
ကားသစ်တွေကိုလည်း လူတွေ စိတ်ဝင်စားမှုများလာနိုင်ပါတယ်''ဟု ဦးဝင်းမြင့်ဦးက
သုံးသပ်သည်။

ဘယ်မောင်းကားသစ်များအဖြစ် သတ်မှတ်တင်သွင်းရမည်ဆိုပါက ဂျပန်ကားများ
တင်သွင်းနိုင်မည်မဟုတ်ဘဲ ကိုရီးယား၊ တရုတ်နှင့် ဥရောပကားများကိုသာ ရွေးချယ်နိုင်မည်
ဖြစ်ကြောင်း၊ လတ်တလော ကားစျေးကွက်တွင် ရောင်းသူရော ဝယ်သူပါ စျေးကွက်ကို
စောင့်ကြည့်သည့် အနေအထားသာများနေပြီး စျေးနှုန်းအပြောင်းအလဲ မများကြောင်း
ပြောသည်။

''အရောင်းအဝယ်က အေးပါတယ်။ ဝယ်သူကလည်း မူဝါဒပြောင်းရင် ကားစျေးကျမလား
ဆိုပြီး စောင့်ကြည့်တယ်။ ရောင်းမယ့်သူကလည်း မူဝါဒပြောင်းရင် ကားစျေးတက်သွားပြီး
စျေးပြန်မလိုက်နိုင်မှာ စိုးလို့စောင့်ကြည့်တယ်။ ကျွန်တော်တို့ သဘောအရတော့
မူဝါဒသစ်ကို နှစ်ကုန်မှ မဟုတ်ဘဲ ကိုးလပိုင်း၊ ၁ဝ လပိုင်းလောက် ထုတ်ပြန်ပေးနိုင်ရင်
ပိုကောင်းမယ်လို့ ထင်ပါတယ်။ ဒီထက်နောက်ကျရင် မူဝါဒဘယ် လိုလာမယ်ဆိုတဲ့
အသံတွေနဲ့ လုပ်ရကိုင်ရတာအဆင်မပြေပါဘူး''ဟု ဦးဝင်းမြင့်ဦးက ပြောသည်။

မန္တလေးမြို့ခံ ကားဝယ်ရောင်း ဦးသိန်းဆွေက လတ်တလောတွင် လုပ်ငန်းသုံး မီနီထရပ်
(ခွေးဘီလူး) ကားများကို တစ်လတစ်စီးသာ တင်သွင်းရမည့် ကန့်သတ်ချက်ကြောင့်
မီနီထရပ်ကားတစ်စီးလျှင် ကျပ်လေးသိန်းမှ ငါးသိန်းဝန်းကျင် စျေးတက်လာသော်လည်း
အရောင်းအဝယ်အေးကြောင်း၊ ကားစျေးကွက်မှာ မြေစျေးကွက်ကဲ့သို့ အရောင်းအဝယ်
များစွာရပ်နေခြင်းမရှိဘဲ ဖြည်းဖြည်းချင်းသွားနေကြောင်း ပြောသည်။

''တကယ်တော့ ကားစျေးနှုန်းတွေက မြင့်သွားတာမဟုတ်ပါဘူး။ ကုန်သွယ်ခွန်၊ ဝင်ငွေခွန်
စတာတွေထပ်ပေါင်းပြီး စျေးနှုန်းတွေက မြင့်သွားတာပါ။ တကယ်လိုအပ်ချက်ရှိသူတွေ
လောက်နဲ့ပဲ အရောင်းအဝယ်ဖြစ်တယ်'' ဟု ဦးသိန်းဆွေက ပြောသည်။

လတ်တလော ကားစျေးကွက်အတွင်း စလစ်ကပ်ကားများမှာ ပျမ်းမျှ ကျပ်သိန်း ၂၅ဝ မှ
ကျပ်သိန်း ၃ဝဝ အတွင်း၊ ဖရီးပါမစ်ကားများမှာ ကျပ်သိန်း ၁၅ဝ မှ ကျပ်သိန်း ၂ဝဝ ကြား၊
မီနီထရပ်များမှာ ကျပ်သိန်း ရဝ မှ ကျပ်သိန်း ၉ဝ ကြားစျေးနှုန်းများရှိနေသည်။ ၂ဝ၁၇ ခုနှစ်
အတွက် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းအတွက် ထုတ်လုပ်သည့်ခုနှစ်
သတ်မှတ်ချက်များနှင့် မူဝါဒများမှာ ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလကုန်တွင် ထွက်ပေါ်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး