အလုပ်ရှင်အဖွဲ့အစည်းများ ဖွဲ့စည်းရန် ပြင်ဆင်

အလုပ်ရှင်အဖွဲ့အစည်းများ ဖွဲ့စည်းရန် ပြင်ဆင်

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ၏အကူအညီဖြင့် အလုပ်ရှင်အဖွဲ့အစည်း
များဖွဲ့စည်းသွားရန် ပြင်ဆင်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့် 
စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌဦးကျော်မင်းက ပြောသည်။

''တစ်နိုင်ငံလုံးမှာ အလုပ်သမား အဖွဲ့အစည်းပေါင်းက ၃,ဝဝဝ လောက်ရှိတယ်။ ဒီတော့
အလုပ်ရှင် အလုပ်သမားပဋိပက္ခတွေဖြေရှင်းဖို့ဆိုရင် အလုပ်ရှင် အဖွဲ့အစည်းတွေလည်း
လိုအပ်လာတယ်။ ဒါကို အိုင်အယ်လ်အိုကလည်း မြင်လာတယ်။ အလုပ်ရှင်အဖွဲ့မဖြစ်မနေ
ဖွဲ့ဖို့ဆိုပြီး သူတို့ကိုယ်တိုင် အခုနေပြည်တော်မှာ ရုံးလာထိုင်တယ်''ဟု ၄င်းက ပြောသည်။

အလုပ်ရှင်၊ အလုပ်သမားပဋိပက္ခများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် အပြည်ပြည်
ဆိုင်ရာအလုပ်သမားအဖွဲ့သည် မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်း
ရှင်များအသင်းချုပ်နှင့် ချိတ်ဆက်ဆောင်ရွက်လာကြောင်း ၄င်းက ပြောသည်။

''အလုပ်ရှင်အဖွဲ့ဖွဲ့ဖို့ အလုပ်ရှင်တစ်ခုတည်းနဲ့ မရဘူး။ အာဏာပိုင်အဖွဲ့ရယ်၊ ကုန်သည်
ကြီးများအသင်းရယ်၊ အိုင်အယ်လ်အိုရယ် ဒါတွေပူးပေါင်းပြီးမှ ဖွဲ့လို့ရမယ်'' ဟု ၄င်းက
ပြောသည်။

အလုပ်ရှင်အဖွဲ့အစည်းများဖွဲ့စည်းရန် ယမန်နှစ်ကတည်းက စတင်ခဲ့သော်လည်း
ယခုနှစ်ကြမှသာ အသိပညာပေးမှုများ စတင်လုပ်လာနိုင်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး
ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရုံးတွင် ယခုလမှစတင်ကာ
တနင်္လာနေ့တိုင်း လုပ်ငန်းရှင်များ၊ မန်နေဂျာများကို အလုပ်သမားများနှင့်ပတ်သက်သည့်
အချက်အလက်များ၊ ဥပဒေ၊ နည်းဥပဒေများကို အိုင်အယ်လ်အိုက သင်တန်းပေးလျက်
ရှိကြောင်း ၄င်းက ပြောသည်။

''ဒီနှစ်ထဲမှာ ပြည်နယ်နဲ့တိုင်းအားလုံးမှာ တစ်ပြိုင်တည်း ဖွဲ့သွားဖို့ ရှိပါတယ်''ဟု ၄င်းက
ပြောသည်။

မြန်မာနိုင်ငံတွင် အလုပ်ရှင်အဖွဲ့အစည်းများရှိရန်လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီးမှ
တိုင်းအဆင့် အလုပ်ရှင်၊အလုပ်သမား ပဋိပက္ခဖြန်ဖြေရေးအဖွဲ့မှအလုပ်ရှင် ကိုယ်စားလှယ်
ဦးရဲဝင်းအောင်က ပြောသည်။

အလုပ်ရှင်များသည် မိမိတို့လုပ်ငန်း ပြီးစီးရန်သာ အာရုံထားနေချိန်တွင် အိုင်အယ်လ်အိုက
နှစ်ပေါင်းများစွာကတည်းက ဝင်လာပြီးအလုပ်သမားများကို အလုပ်သမားများနှင့်ပတ်သက်
သည့်အချက်အလက်များ၊ ရပိုင်ခွင့်များ၊ အခွင့်အရေးများကို ကောင်းစွာလေ့ကျင့်ပေးထား
ကြောင်း၊ အလုပ်ရှင်များသည် အလုပ်သမားများနှင့် ပတ်သက်သည့်ဥပဒေများကို ဘာမှ
လေ့လာထားခြင်းမရှိကြောင်း ၄င်းက ပြောသည်။

''အလုပ်ရှင်တွေက အလုပ်သမားတွေကို ခေါ်မယ်။ ခိုင်းမယ်။ အဆင်ပြေမယ်၊ မပြေဘူး။
ဒါပဲရှိတယ်။ အခုနောက်ပိုင်း ဥပဒေတွေနားလည်တဲ့ အလုပ်သမားအဖွဲ့အစည်းတွေ
ပေါ်ပေါက်လာတဲ့အတွက်ကြောင့် ဥပဒေနားမလည်တဲ့ အလုပ်ရှင်တွေဟာ တစ်ခါတစ်လေ
သူတို့ ညွှတ်ကွင်းထဲကို သက်ဆင်းသွားတာတွေရှိတယ်။ ဒါ့ကြောင့် အလုပ်ရှင်တွေဘက်က
မားမားမတ်မတ် ရပ်တည်ပေးမယ့်အဖွဲ့တွေ၊ ဥပဒေတွေ ပေါ်ပေါက်ဖို့လိုတယ်''ဟု ၄င်းက
ပြောသည်။

အထက်မြန်မာပြည် အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီမှ
ကိုစောလှအောင်က ၂ဝ၁၂ ခုနှစ် အလုပ်ရှင်၊အလုပ်သမား အငြင်းပွားမှု ဖြန်ဖြေရေး
ဥပဒေရှိပြီးသားဖြစ်သည့်အတွက် အလုပ်ရှင် အဖွဲ့အစည်းဖွဲ့စည်းရန် မလိုအပ်ကြောင်း
ပြောသည်။

''အလုပ်ရှင်၊ အလုပ်သမား ရေရှည်အကျိုးစီးပွားအတွက် အထောက်အကူပြုနိုင်ရေးအဖွဲ့
ဆိုပြီး နှစ်ဦးနှစ်ဖက် နွေးနွေးထွေးထွေးပေါင်းစည်း ဖွဲ့စည်းတာမျိုးဆို ပိုပြီးသင့်တော်မယ်
ထင်တယ်''ဟု ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး