မန္တလေးတွင် အဓိကလမ်းမကြီးအချို့ကို ယခင် သမိုင်းဝင်နာမည်များအတိုင်း ပြန်လည်သုံးစွဲနိုင်ရန် ဆောင်ရွက်မည်

မန္တလေးတွင် အဓိကလမ်းမကြီးအချို့ကို ယခင် သမိုင်းဝင်နာမည်များအတိုင်း ပြန်လည်သုံးစွဲနိုင်ရန် ဆောင်ရွက်မည်

မန္တလေးမြို့ရှိ အဓိကလမ်းမကြီးအချို့ကို လက်ရှိသုံးစွဲနေသော နာမည်များအစား ယခင်
သုံးစွဲခဲ့သည့် သမိုင်းဝင်နာမည်များအတိုင်း ပြန်လည်သုံးစွဲနိုင်ရန် လမ်းညွှန်ဆိုင်းဘုတ်
များတွင် ထည့်သွင်းရေးသား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေး
ကော်မတီထံမှ သိရသည်။

မန္တလေးမြို့သမိုင်းကို စိတ်ဝင်စားသည့် မြို့ခံအချို့၏ တင်ပြဆွေးနွေးချက်များကြောင့်
ယခင်အသုံးပြုခဲ့သည့် လမ်းနာမည်များအတိုင်း ပြန်လည်အသုံးပြုနိုင်ရန် ဆောင်ရွက်ခြင်း
ဖြစ်ကြောင်း၊ လမ်းနာမည်အသစ်ပေးခြင်းမဟုတ်ဘဲ လက်ရှိအသုံးပြုနေသည့် လမ်းနာမည်
များကိုလည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ရင်
မြင့်က မြန်မာတိုင်း(မ်)ကို ယခုလ ၂၅ ရက်က ပြောသည်။

''လမ်းနာမည် ပြောင်းလိုက်တာတော့ မဟုတ်ပါဘူး။ နဂိုရှိပြီးသား နာမည်တွေပါပဲ။
မြို့သမိုင်းကို နည်းနည်းစိတ်ဝင်စားတဲ့ လူတွေကလည်း ပြန်လည်ဖြစ်စေချင်ပါတယ်။
ကျွန်တော်တို့ဘက်ကလည်း ဒါကိုဆွေးနွေးနေတာ ကြာနေပါပြီ။ ဒီအတွက်ကြောင့်
အခက်အခဲကတော့ မရှိနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဥပမာ ၂၆ လမ်းဆိုရင် ၂၆ လမ်း
အတိုင်းသုံးတုန်းပဲ။ ဒါပေမဲ့ လမ်းဆိုင်းဘုတ်မှာအရင်က သုံးခဲ့တဲ့ အာဇာနည်လမ်းလည်း
ထည့်မှာပါ။ နှစ်မျိုးလုံးသုံးလို့ရတာပေါ့။ လမ်းဆိုင်းဘုတ်တွေ တပ်ဖို့အတွက် အခု
ကတည်းက လမ်းတံတားဌာနက စတင်ဆောင်ရွက်နေပါတယ်''ဟု ဦးကျော်ရင်မြင့်က
ပြောသည်။

မန္တလေးမြို့၏ အဓိကလမ်းမကြီးများ ဖြစ်သော ၈၄ လမ်းကို ဗိုလ်ချူပ်အောင်ဆန်းလမ်း၊
၇၃ လမ်းကို မင်္ဂလာလမ်း၊ ၂၂ လမ်းကို အာဠဝီလမ်း၊ ၁၉ လမ်းကို စည်ရှည်လမ်း၊
၂၆ လမ်းကို အာဇာနည်လမ်း၊ ရ၆ လမ်းကို စည်သာလမ်း၊ ၄၅ လမ်းကို ဗိုလ်ဗထူးလမ်း၊
၃၁ လမ်းကို အရှင်စန္ဒိမာလမ်း၊ လမ်း ၈ဝ ကိုသခင်ဗဟိန်းလမ်းအဖြစ် ယခင်အသုံးပြု
ခဲ့သည့် လမ်းနာမည်များအတိုင်း အသုံးပြုနိုင်ရန် ဆောင်ရွက်မည်ဖြစ်သည်။

''အဓိကကတော့ သွားလာရေး အဆင်ပြေဖို့ကပါပဲ။ လမ်းကြီးဘေးပလတ်ဖောင်းတွေပေါ်မှာ
စျေးတက်ရောင်း သွားလာရေးခက်ခဲနေမယ်ဆိုရင် မကောင်းဘူးပေါ့။ အခုလမ်းတွေက
နံပါတ်နဲ့ သွားနေတဲ့ လမ်းတွေပေါ့ နံပါတ်လည်း ရှိတယ်။ နာမည်လည်းရှိခဲ့ပါတယ်။
ဘာနာမည်တွေပဲတပ်တပ်ပါ တကယ်တမ်းက လမ်းကောင်းဖို့နဲ့ မြို့ပြအင်္ဂါရပ်နဲ့
ညီတယ်ဆိုရင် အဆင်ပြေပါတယ်''ဟု မန္တလေးမြို့ခံ သတင်းစာဆရာ လွတ်လပ်ငြိမ်းက
မှတ်ချက်ပြုသည်။

လက်ရှိတွင် မန္တလေးမြို့လမ်းမများကို နံပါတ်စဉ်များအတိုင်းသာ ခေါ်ဝေါ်အသုံးပြုနေကြ
ခြင်းဖြစ်ရာ မန္တလေးနန်းတွင်းကို ဗဟိုပြုပြီး နန်းတွင်းတောင်ဘက်လမ်းကို ၂၆ လမ်းက
စပြီး တောင်ဘက်တစ်လျှောက်လမ်းနံပါတ်များ ကြီးသွားခြင်းဖြစ်ကာ နန်းတွင်းအနောက်
ဘက်လမ်း ၈ဝ ကစ၍ အနောက်ဘက် တစ်လျှောက်လမ်းနံပါတ်များကြီး သွားခြင်းဖြစ်
သည်။ ယခင်က အဓိကလမ်းမများရှိတံတားများ ကျောင်းများကိုလည်း အစွဲပြုပြီး
လမ်းနာမည်များကို သုံးစွဲခဲ့ကြသည်။

''လမ်းတွေကို အရင်နာမည် ပြန်လည်ခေါ်ဖို့နဲ့ လမ်းတွေကောင်းဖို့ ပြည်သူတွေ
သွားလာရေး အဆင်ပြေဖို့ ဘယ်ဟာက ပိုအရေးပါလဲဆိုတာ လူတိုင်းသိလောက်ပါတယ်။
ပြည်သူတွေက ဘာလိုချင်နေတာလဲ၊ ဘာတွေဖြစ်ချင်နေလဲဆိုတာကို အထူးနားထောင်
ပေးပါ၊ ပြီးမှ ဖြစ်သင့်တာကို အရင်ဦးစားပေးလုပ်သင့်ပါတယ်''ဟု ချမ်းအေးသာစံမြို့နယ်နေ
တစ်ဦးက မှတ်ချက်ပြုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး