မြန်မာနိုင်ငံအနှံ့အပြားမှာ မတူကွဲပြားတဲ့ မိရိုးဖလာယုံကြည်ကိုးကွယ်မှုတွေ ရှိနေပါတယ်။
မကွေးတိုင်းဒေသကြီးမြို့တော် မကွေးကနေ ခုနစ်မိုင်အကွာမှာရှိတဲ့ ကန်ပြားကျေးရွာမှာ ထူးခြားတဲ့
နတ်ကိုးကွယ်မှု တစ်ခုရှိပါတယ်။ ကန်ပြားရွာဟာ မကွေး၊ ရေနံချောင်း၊ နတ်မောက်ကားလမ်းဆုံတဲ့
နေရာမှာ တည်ရှိတဲ့ ရွာကြီးတစ်ရွာ ဖြစ်ပါတယ်။
ကန်ပြားရွာအနီးမှာ နည်းပညာတက္ကသိုလ်(မကွေး)တည်ရှိပြီး မနီးမဝေးက ရေကန်ကြီးနားမှာ
ကွန်ကရစ်နဲ့ တည်ဆောက်ထားတဲ့ နတ်ကွန်းတစ်ခုရှိပါတယ်။ အဲဒီနတ်ကွန်းက ကန်ပြားကျေးရွာခံတွေ
အားကိုးအားထားပြုရာ၊ ကိုးကွယ်ယုံကြည်ရာ ဖြစ်ပါတယ်။
နှစ်စဉ်ဝါဆိုလဆန်း ၁၁ ရက်နေ့ဟာ ကန်ပြားကျေးရွာနတ်ပွဲကျင်းပရတဲ့ နေ့ပါ။ ကျေးရွာခံတွေက
ဘိုးဘိုးကြီးနတ်ပွဲကို နှစ်စဉ်ကျင်းပကြပြီး ဂျပန်ခေတ် ဗုံးတွေကြဲနေစဉ်မှာတောင် ကန်ပြားဘိုးဘိုးကြီး
နတ်ပွဲကို မပျက်မကွက် ကျင်းပခဲ့ကြတယ်လို့ ဆိုပါတယ်။
နတ်ကွန်းရဲ့ရှေ့မှာတော့ ငှက်ပျောသီး၊ အုန်းသီးနဲ့ တမာပန်းတွေ ထည့်ထားတဲ့ ကန်တော့ပွဲတွေ
အစီအရီ ချထားပါတယ်။ ကန်တော့ပွဲတွေရဲ့ ရှေ့မှာတော့ နတ်ဝင်မယ့်အသက် ၆၀ အရွယ်
အမျိုးသားကြီးတစ်ဦး ရှိနေပြီး ရာနဲ့ချီတဲ့ လူအုပ်ကြီးက ၀န်းရံထားပါတယ်။
ဒီမြင်ကွင်းကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းရာကျော်ကတည်းက ယုံကြည် သက်ဝင်ခဲ့တဲ့ ရိုးရာနတ်ပွဲ
ကျင်းပနေတဲ့ မြင်ကွင်းပါ။ နှစ်စဉ် ၀ါဆိုလဆန်း ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ကျင်းပတဲ့နတ်ပွဲမှာ
နတ်ဝင်တဲ့ သူကတော့ ပုံမှန်တွေ့မြင်နေကျ နတ်ကတော်တွေ မဟုတ်ပါဘူး။
စတစ်ကော်လာအကျႌနဲ့ အစိမ်းရောင်ပုဆိုးကို ၀တ်ဆင်ထားတဲ့ အသက် ၆၀ အရွယ်အမျိုးသားကြီးရဲ့
ခါးမှာ ပုဝါအနီစ တစ်ထည်ကို ခိုင်ခိုင်ခံ့ခံ့ ချည်နှောင်ထားပါတယ်။ နံနက်ခင်း ရ နာရီကျော်လောက်မှာ
နတ်ပွဲကို စတင်ပါတယ်။
"နတ်ဝင်တယ်ဆိုတာ တခြားနတ်ပွဲတွေမှာလို ၀င်ချင်တဲ့သူဝင်လို့ မရဘူး။ အစဉ်အဆက်
လိပ်ပြာလှတဲ့သူ တစ်ယောက်ပဲဝင်တယ်။ တခြားသူမဝင်ဘူး။ အခုလက်ရှိနတ်ဝင်တဲ့
ဦးကျော်ဝင်းဆိုရင် အနည်းဆုံး ၁၂ နှစ်ရှိပြီ" လို့ ကန်ပြားကျေးရွာ ရပ်မိရပ်ဖိတစ်ဦးဖြစ်တဲ့
ဦးဇော်မိုးထွန်းက ပြောပါတယ်။
နတ်ဝင်တဲ့ ဦးကျော်ဝင်းကလည်း တခြားအချိန်တွေမှာ နတ်ဟောတာတွေ၊ နတ်တင်တာတွေ မရှိဘဲ
ကန်ပြားနတ်ပွဲရောက်မှသာ နတ်ဝင်ခြင်းဖြစ်တယ်လို့ သူက ပြောပါတယ်။
အဝေးကို ရောက်နေတဲ့ ကန်ပြားရွာသူရွာသားတွေလည်း နတ်ပွဲကျင်းပမယ့် ရက်တွေမှာ
အရောက်ပြန်လာကြလေ့ရှိပါတယ်။ အဝေးရောက် ကျေးရွာခံတွေက လူကိုယ်တိုင်မလာနိုင်တောင်
နတ်ပွဲမှာ ကန်တော့ပွဲပေးနိုင်ဖို့ နီးစပ်ရာရွာခံတွေဆီ အကူအညီ တောင်းကြလေ့ရှိတယ်လို့
ကန်ပြားကျေးရွာက အသက် ၆၀ အရွယ် ဒေါ်ရီက ပြောပါတယ်။
"ဒီမှာက သိပ်ယုံကြည်ကြတယ်။ ဒီရွာကနေ ရန်ကုန်ရောက်ရောက်၊ တောင်ကြီးရောက်ရောက်
ပြန်မလာဘဲ မနေဘူး။ မလာနိုင်ရင်တောင် ပွဲပေးကြတယ်။ မပေးမိရင် စိတ်ကပဲလား၊
တကယ်ပဲလားပေါ့၊ စီးပွားရေး ထိသလိုလို၊ လူမှုရေး ထိသလိုလိုပေါ့" လို့ ဒေါ်ရီက ပြောပြပါတယ်။
ပြောင်းလဲလာတဲ့ခေတ်ရေစီးကြောင်းအရ လူငယ်တွေက ဘိုးဘိုးကြီးနတ်နန်းကို ယုံကြည်မှု
လျော့နည်းလာပေမဲ့ ရှေးယခင် ကာလတွေမှာတော့ ဘိုးဘိုးကြီးနတ်နန်းအနီးနဲ့ ရေကန်ကြီးတဝိုက်က
ကန်ပေါင်ပေါ်မှာ တံတွေးတောင်မထွေးရဲဘူးလို့ ဒေါ်ရီက ပြောပါတယ်။

"ကန်ပေါင်ပေါ်နဲ့ နတ်ကွန်းတစ်ဝိုက်မှာ ဖိနပ်မစီးရဘူး။ တံတွေး မထွေးရဘူး။ မယုံလို့ အရွဲ့တိုက်တဲ့
သူတွေ မျက်စိကွယ်တာမျိုး၊ မြွေတွေအပုံလိုက်တွေ့တာမျိုးတွေ ရှိခဲ့ဖူးတယ်။ အခုခေတ်လူတွေကို
ကျုပ်တို့က အဲဒီလိုပြစေချင်တာ" လို့ သူက ဆိုပါတယ်။
ကန်ပြားကျေးရွာသူရွာသားတွေ တစ်နယ်တစ်ကျေးကို သွားမယ်ဆိုရင် တမာပန်းလေးတွေကို
ခေါင်းမှာထိုးလို့ တစ်မျိုး အိတ်ကပ်မှာထည့်လို့တစ်ဖုံ ဆောင်ကြလေ့ရှိတယ်လို့ဆိုပါတယ်။
သူတို့ ယုံကြည်ရာ ဘိုးဘိုးကြီးရဲ့ အောင်ပန်းအဖြစ် ဆောင်ယူကြတာဖြစ်ပြီး ဘေးအန္တရာယ်
ကင်းဝေးတယ်လို့လည်း အယူရှိကြပါတယ်။
"ဘယ်သွားသွား ဘိုးဘိုးကြီးအောင်ပန်းဆိုပြီး ဆောင်ရတယ်။ ကိုယ်မရောက်ဖူးတဲ့ ခရီးတစ်ခုကို
သွားရင်တောင် စောင့်ရှောက်လမ်းညွှန် မယ့်သူတွေ အလိုလိုပေါ်လာတယ်။ တစ်ခါက
ကားမှောက်တာတောင် ဘာမှမဖြစ်ဘူး။ ကျန်တဲ့သူတွေသေတာပဲ။ အဲဒီတော့ ကိုယ့်ရဲ့စိတ်လုံခြံုဖို့
ဆောင်ကြတယ်" လို့ ကန်ပြားရွာက အဘိုးဦးကျင်ရွေက ဆိုပါတယ်။
ဘိုးဘိုးကြီးနတ်နန်းကို နှစ်စဉ်ပူဇော်တာက ရန်သူမျိုးငါးပါး ဘေးကလွတ်ကင်းပြီး ပဲနှမ်းစိုက်ပျိုးရေးမှာ
အထွက်တိုးစေတယ်၊ စီးပွားရေးကိုပိုပြီး ဖြစ်ထွန်းစေတယ်လို့ ဒေသခံတွေက ယုံကြည်ကြပါတယ်။
"ကျုပ်တို့ကတော့ မှန်တာပြောတာ၊ ယုံကြည်ချက်ရှိတယ်။ ဘုရားကလည်း ကျုပ်တို့ဘုရားပဲ ရင်ထဲက၊
ဘုရားပြီးရင် ကျုပ်တို့ရဲ့အရှင်သခင်ပဲ ဘိုးဘိုးကြီးက" လို့ ဒေါ်ရီက ဆိုပါတယ်။
ကန်ပြားကျေးရွာရဲ့ဘိုးဘိုးကြီးနတ်ပွဲကို နှစ်စဉ်ဝါဆိုလဆန်း ၁၀ ရက်နေ့မှာ စတင်ကျင်းပပါတယ်။
အဲဒီနေ့ ညနေခင်းမှာ ဘိုးဘိုးကြီးနတ်ကို ပူဇော်ပသမယ့် ကန်တော့ပွဲတွေကိုရွက်ပြီး ကန်ပြားကျေးရွာ
နတ်နန်းအနီးက ကန်ပေါင်ပေါ်မှာ လှည့်လည်နတ်ပြကြပါတယ်။ ညပိုင်းမှာတော့ ဇာတ်ပွဲတစ်ခုကပြပြီး
၀ါဆိုလဆန်း ၁၁ ရက်နေ့ မနက်ခင်းမှာတော့ နတ်ပွဲကို ကျင်းပလေ့ရှိပါတယ်။
"လူအမြင်နဲ့ကြည့် ဘယ်လောက်ရှုံးထားလဲ၊ လာတဲ့ဧည့်သည်ကို ထမင်းလည်းကျွေးရတယ်။
မုန့်ဆီကြော်တို့ နှမ်းမုန့်တို့လည်း ကျွေးရတယ်၊ ပွဲလည်းပြရတယ်။ ဒါပေမဲ့ ကျုပ်တို့ကန်ပြားမှာ
ဘယ်တော့မှ အသီးအနှံ မရဘူးလို့ မရှိဘူး။ မွဲသွားတာ၊ ဘယ်သူတော့ ထမင်းအိုး မတည်ရဘူးလို့
မရှိဘူး" လို့ အဘဦးကျင်ရွှေက ပြောပါတယ်။
ကျေးရွာခံတွေရဲ့ ယုံကြည်ချက်တွေ၊ အားကိုးအားထားပြုမှုတွေကို ဘိုးဘိုးကြီးနတ်ပွဲကျင်းပတဲ့နေ့မှာ
အားသစ်လောင်းလေ့ရှိကြပါတယ်။ နတ်ဝင်သည် ဦးကျော်ဝင်းဟာ အရင်က ရိုးရိုးကျေးရွာသား
တစ်ဦးသာ ဖြစ်ပါတယ်။ ရှေ့က နတ်ဝင်သည်တစ်ယောက် ဆုံးပါးသွားပြီးနောက်ပိုင်း
နတ်ပွဲသွားကြည့်ရာက ဦးကျော်ဝင်းကို နတ်ဝင်ပူးပြီး နတ်ဝင်သည် ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
နတ်ဝင်ချိန်မှာ ဦးကျော်ဝင်းဟာ ငှက်ကြီးတောင်ဓားနှစ်လက်ကို သူ့ရဲ့ ရင်ဘတ်၊ လည်ပင်းနဲ့ခါးမှာ
ကွေးညွတ်နေအောင် ထောက်ပြီး နတ်ကတယ်။ ရွာသားတွေလည်း ပိုပြီး ယုံကြည်သက်ဝင်ကြတယ်။
တခြားအချိန် တွေမှာ ဦးကျော်ဝင်းက နတ်ဟောတွေဘာတွေ မလုပ်ပေမဲ့ နတ်ဝင်ချိန်မှာတော့
မိုးလေဝသ၊ ကျန်းမာရေး စတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး နတ်ဟောပါတယ်။
နတ်ပွဲပြုလုပ်နိုင်ဖို့ တစ်ရွာလုံးမှာရှိတဲ့ ကျေးရွာခံတွေက အချိုးကျ ထည့်ဝင်ကြရပြီး ကျေးရွာခံအားလုံးက
ကြည်ဖြူစွာနဲ့ စုပေါင်းထည့်ဝင်ကြတယ်လို့ ဆိုပါတယ်။ ကန်ပြားနတ်ပွဲကို အနီးအနားကျေးရွာတွေကပါ
လာရောက်ကြပြီး ကျေးရွာခံတွေက ဧည့်ခံကျွေးမွေးကြပါတယ်။
"ဒီလိုပွဲပေးတယ်ဆိုတာက ကောင်းတာလုပ်တာပဲလေ။ လှူတာတန်းတာ ပေးတာ ကမ်းတာပဲ။
ဒါပေမဲ့ ကျုပ်တို့မွဲသွားတယ်တော့ မရှိပါဘူး" လို့ ဒေါ်ရီက ဆိုပါတယ်။
















