မန္တလေးတိုင်းဒေသကြီးတွင် ဗီဇာပုံစံ အမျိုးမျိုးဖြင့် လာရောက်နေသည့် နိုင်ငံခြားသား
ဧည့်သည်များအနက် အကြောင်းအမျိုးမျိုးကြောင့် ဗီဇာသက်တမ်း ကျော်လွန်နေထိုင်သူများ
ထံမှ ဒဏ်ငွေ ဒေါ်လာ ၉ဝ,ဝဝဝ ကျော်ရရှိထားကြောင်း တိုင်းဒေသကြီး လူဝင်မှု
ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနညွှန်ကြားရေးမှူး ဦးတင်ချယ်က
ပြောသည်။
ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ အကြောင်းအမျိုးမျိုးကြောင့် ဗီဇာသက်တမ်းကျော်လွန်
နေထိုင်သူ ၁,၆၂၁ ဦးကို ဒဏ်ကြေးရိုက်ထားခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၉၃,၈၃၈
ဒေါ်လာ ရရှိထားခြင်းဖြစ်ကာ လုပ်ငန်းဗီဇာဖြင့် လာရောက်သည့် နိုင်ငံခြားသားများ
လုပ်ငန်းမပြီးပြတ်သေးသည့်အတွက် အချိန်ကြာမြင့်မှုများ ရှိသလို၊လာရောက်လည်ပတ်
သည့် နိုင်ငံခြားသားများလည်း လမ်းခရီးတွင် ကြန့်ကြာသောကြောင့် သက်တမ်းကျော်လွန်
ခြင်းများရှိကြောင်း ဦးတင်ချယ်က ယခုလ ၃ ရက်တွင် ပြောသည်။
''တချို့နိုင်ငံခြားသားတွေကလည်း လုပ်ငန်းမပြတ်လို့ လေး၊ ငါးရက် နေလိုက်ရတာတွေ
ရှိတယ်။ တိုးရစ်တွေဆိုရင်လည်း သူတို့လည်ဖို့ တစ်ရက်၊ နှစ်ရက် လိုသေးလို့ နေလိုက်တာ
တွေ ရှိတတ်ပါတယ်။ တရားမဝင် လာရောက် နေထိုင်တာမျိုးကျတော့ တစ်မျိုးပေါ့။ ဗီဇာ
သက်တမ်းကျော်သွားရင်လည်း သက်ဆိုင်တဲ့ကုမ္ပဏီတွေကို ခေါ်ယူသတိပေးလိုက်ပါ
တယ်။ စစ်ဆေးတာတွေကိုလည်း တိုင်ကြားတာနဲ့ စစ်ဆေးပေးတယ်''ဟု ဦးတင်ချယ်က
ပြောသည်။
ဗီဇာသက်တမ်း ကျော်လွန်နေသည့် နိုင်ငံခြားသားများကို ဒဏ်ငွေကောက်ရာတွင် တစ်ရက်
ကျော်လွန်ပါက အမေရိကန်ဒေါ်လာ သုံးဒေါ်လာ ကောက်ခံမည်ဖြစ်ကာ သုံးလထက်
ကျော်လွန်ပါကာ တစ်ရက်လျှင် ငါးဒေါ်လာ ကောက်ခံသည်။ ဗီဇာသက်တမ်းကျော်လွန်
နေထိုင်သည့်အတွက် ဒဏ်ငွေရိုက်ထားသည့် နိုင်ငံခြားသားများထဲတွင် တရုတ်နိုင်ငံသား
အများဆုံးဖြစ်ပြီး ဗီယက်နမ်၊ ထိုင်းနိုင်ငံသားများလည်း ပါဝင်သည်။
''ကျွန်တော်တို့ဘက်က ဗီဇာသက်တမ်းကျော်လွန် နေထိုင်သူတွေ မရှိအောင်လို့
ဟိုတယ်တွေကိုလည်း ပြောပြထားတယ်။ သက်တမ်းကျော်နေရင် အကြောင်းကြားပေးဖို့
ပေါ့။ သက်ဆိုင်ရာ ရပ်ကျေးဥက္ကဋ္ဌတွေကိုလည်း မှာကြားထားပါတယ်။ စည်းကမ်းထိန်းသိမ်း
တဲ့သဘောပေါ့'' ဟု ဦးတင်ချယ်က ပြောသည်။















