ကြာရှည်စွာ မပျောက်မပျက် တည်မြဲနေနိုင်သည့် အော်ဂဲနစ် ဓာတုဒြပ်ပစ္စည်း
(Persistent Organic Pollutants-POPs) ပိုးသတ်ဆေးများကြောင့် မြန်မာနိုင်ငံတွင်
သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ပေါ်နေခြင်းများနှင့် ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်နေခြင်း
များကို စာရင်းကောက်ယူနေပြီးအချက်အလက်များကို ပြန်လည်ထုတ်ပြန်ပေးသွားမည်
ဖြစ်ကြောင်း ယင်းစီမံကိန်းဆောင်ရွက်နေသည့် စီမံကိန်းအမျိုးသားအဆင့် ညှိနှိုင်းရေးမှူး
ဒေါ်ကြည်ကြည်မြင့်က ပြောသည်။
ယင်းစီမံကိန်းကို ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးရေးအဖွဲ့ (UNIDO) ၏ငွေကြေးထောက်ပံ့မှုဖြင့်
၂ဝ၁၆ ခုနှစ်၊ မတ်လမှ စတင်ဆောင်ရွက်နေခြင်းဖြစ်ပြီး နှစ်နှစ်စီမံကိန်းဖြစ်ကြောင်း၊
ယခုလအကုန်တွင် စာရင်းကောက်ယူခြင်းလုပ်ငန်း အပြီးသတ်ဆောင်ရွက်မည်ဖြစ်ကြောင်း
ဒေါ်ကြည်ကြည်မြင့်က ယခုလ ၁ ရက်တွင် ပြောသည်။
''လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွေမှာသုံးစွဲဖို့ လူတွေက ဓာတုပစ္စည်းအသစ်တွေကို တီထွင်
လာကြတယ်။ POPs ပိုးသတ်ဆေးတွေက ကောင်းကျိုးထက်ဆိုးကျိုးပိုများပါတယ်။
သူတို့က အပြင်းစားအဆိပ်တွေ ဖြစ်တဲ့အတွက်ကြောင့်သဘာဝပတ်ဝန်းကျင်ကိုလည်း
ထိခိုက်ပျက်စီးစေပါတယ်။ သူတို့ကို သုံးစွဲထားလို့ရေ၊ မြေ၊ လေထုထဲကိုရောက်နေပြီဆိုရင်
နှစ်ပေါင်းများစွာ တည်တံ့နေနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ဒါတွေကို သုံးစွဲထားတဲ့ အခြေ
အနေတွေနဲ့ ဆိုးကျိုးတွေကိုစာရင်းကောက်ပြီး ထုတ်ပြန်ပေးမယ်'' ဟု ၄င်းက ပြောသည်။
မြန်မာနိုင်ငံတွင် မပျောက်မပျက် ကြာရှည်စွာတည်မြဲနေနိုင်သည့် အော်ဂဲနစ်ဓာတုဒြပ်ပစ္စည်း
၂၃ မျိုးအတွက် စာရင်းကောက်ယူခြင်းဖြစ်ပြီး ယင်းအနက် ပိုးသတ်ဆေး ၁၇ မျိုး ပါဝင်မည်
ဖြစ်ပြီး POPs ပိုးသတ်ဆေး သုံးစွဲခြင်းများကြောင့် ပတ်ဝန်းကျင် လူနှင့် တိရစ္ဆာန်များကို
ဘေးအန္တရာယ်ဖြစ်စေကြောင်း၊ တရားမဝင် တင်သွင်းနေသည့် ပိုးသတ်ဆေးများကို
သုံးစွဲနေခြင်းများကို သတိပြုမိရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။
မြန်မာနိုင်ငံသည် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်စေပြီး ကြာရှည်စွာ မပျောက်မပျက်
တည်မြဲနေနိုင်သည့် အော်ဂဲနစ်ဓာတုဒြပ်ပစ္စည်းများဆိုင်ရာ စတော့ဟုမ်း ကွန်ဗင်းရှင်းကို
အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး ကွန်ဗင်းရှင်းက ထုတ်ပြန်ထားသည့် အော်ဂဲနစ် ဓာတုဒြပ်
ပစ္စည်း ၂၆ မျိုး အပါအဝင်စုစုပေါင်း ဓာတုပစ္စည်း ၆၅ မျိုးခန့်ကို ဓာတုပစ္စည်းများအန္တရာယ်မှ
တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၅ ပုဒ်မ ခွဲ (ဇ) အရတားမြစ်ဓာတုပစ္စည်းအဖြစ်
သတ်မှတ်ထားသည်။
''စာရင်းကောက်တာကိုတော့ မြန်မာနိုင်ငံအနှံ့ ကောက်တာပေါ့။ တစ်နေရာနဲ့တစ်နေရာ
တော့ မတူပါဘူး။ ဥပမာ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး ပဲသီးနှံအတွက်ကောက်မယ်ဆိုရင်
အများဆုံး စိုက်ပျိုးတဲ့မကွေးလိုနေရာမျိုးမှာ ကောက်တယ်။ ရလာမယ့် စာရင်းတွေကို
စတော့ဟုမ်း အဖွဲ့ဝင်နိုင်ငံတွေကို တင်ပြမယ်။ တကယ်လို့ စိုက်ပျိုးရေးလုပ်ငန်းမှာ
ပေါ့စ်တွေ များနေတယ်ဆိုရင် ဒါတွေကို လျှော့ချဖို့စီမံကိန်းအသစ်တွေ ဆက်လက်
ဆောင်ရွက်မယ်'' ဟု ဒေါ်ကြည်ကြည်မြင့်က ပြောသည်။















