စစ်ကိုင်းမြို့ပေါ်ရှိ ရှေးဟောင်းခံတပ်နှင့် သံရည်ကျိုစက်ရုံကိုလေ့လာစရာနေရာဖြစ်ရန် ပြန်လည်ပြုပြင်မည်

စစ်ကိုင်းမြို့ပေါ်ရှိ ရှေးဟောင်းခံတပ်နှင့် သံရည်ကျိုစက်ရုံကိုလေ့လာစရာနေရာဖြစ်ရန် ပြန်လည်ပြုပြင်မည်

 

စစ်ကိုင်းမြို့ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင်နေရာများဖြစ်သည့် အစေခံခံတပ်နှင့် ကနောင်
မင်းသားကြီး၏ သံရည်ကျိုစက်ရုံကို ပြည်တွင်း၊ ပြည်ပ ခရီးသွားများလာရောက်လေ့လာနိုင်
သည့် လေ့လာစရာနေရာဖြစ်လာရန် ပြန်လည်ပြုပြင်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်
စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ယခုလ ၄ ရက်က ပြောသည်။

''သမိုင်းဝင်နေရာတွေ ဖြစ်တယ်။ ဒါကြောင့် ပြန်လည်ထိန်းသိမ်းဖို့ လုပ်ဆောင်တယ်။
ဒါတွေလုပ်ပြီးသွားရင် ပြည်တွင်း၊ ပြည်ပက ခရီးသွားတွေပါ လာရောက်လည်ပတ်နိုင်
ပါမယ်။ သူတို့လာရောက်လည်ပတ်နိုင်ဖို့အတွက်လည်း ရှေးမူမပျက်ထိန်းသိမ်းဆောင်ရွက်
တာမျိုးတွေ လုပ်ဆောင်သွားမှာပါ''ဟု ဦးဝင်းနိုင်က ပြောသည်။

ပြန်လည် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ဆောင်မည့် အစေခံ ခံတပ်မှာ စစ်ကိုင်းမြို့၊ ဧမြဝတီ
ရပ်ကွက်တွင်တည်ရှိပြီး သံရည်ကျိုစက်ရုံမှာ သာစည်ရပ်ကွက်တွင်ရှိကာ ၄င်းစက်ရုံကို
ကနောင်မင်းသားကြီးက တည်ထောင်ခဲ့ကြောင်း ဦးဝင်းနိုင်က ပြောသည်။

''သံရည်ကျိုစက်ရုံက ကနောင်မင်းသားကြီး တည်ထောင်ခဲ့တာ ဖြစ်တယ်။ ရှင်းရှင်းပြော
ရရင် ဒီသမိုင်းကို တော်ရုံလူတွေ မသိကြတော့ဘူး။ ဒါကြောင့်လည်း ပြန်လည်ဖော်ထုတ်
တာမျိုးတွေ လုပ်ဆောင်တာ ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

အဆိုပါခံတပ်နှင့် သံရည်ကျိုစက်ရုံ ပြန်လည် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စစ်ကိုင်း
မြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်
ဦးစီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနတို့ ပူးပေါင်းပြီးဆောင်ရွက်သွားမည်ဖြစ်
ကြောင်း ဦးဝင်းနိုင်က ပြောသည်။

''ကိုယ့်ဒေသမှာရှိတဲ့ ရှေးဟောင်း အမွေအနှစ်ကို အသုံးချတတ်ဖို့ လိုအပ်တယ်။ အဲဒီလို
အသုံးချတတ်ခြင်းအားဖြင့် အစိုးရလည်း ဝင်ငွေရလာနိုင်တယ်။ ဒေသခံတွေအတွက်လည်း
အလုပ်အကိုင်လေးတွေ ပေါ်လာနိုင်တယ်။ အခုဆို မြန်မာနိုင်ငံကိုအလည်လာတဲ့ ပြည်ပ
ခရီးသွားတွေ များလာပြီ။ အဲဒီတော့ ကိုယ့်ဘက်က ကောင်းကောင်းလေး အသုံးချတတ်ဖို့ပဲ
လိုအပ်ပါတယ်''ဟု ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ဦးစိုးမင်းဦးက ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါ အစေခံခံတပ်နှင့် ကနောင်မင်းသားကြီး တည်ထောင်ခဲ့သည့်
သံရည်ကျိုစက်ရုံတို့ကို ပြန်လည်ပြုပြင်ထိန်းသိမ်းရန်အတွက် လုပ်ငန်းစဉ်များ ရေးဆွဲနေပြီး
တိုင်းဒေကြီးအစိုးရအဖွဲ့ထံ တင်ပြကာ ခွင့်ပြုချက်ရပါက ပြင်ဆင်ခြင်းများ စတင်ပြုလုပ်
သွားမည်ဖြစ်ကြောင်း ဦးဝင်းနိုင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး