ရေမီတာခနှင့် ပတ်သက်သည့် မသမာမှုများ ရှိပါက စည်ပင်သို့ တိုင်ကြားနိုင်

ရေမီတာခနှင့် ပတ်သက်သည့် မသမာမှုများ ရှိပါက စည်ပင်သို့ တိုင်ကြားနိုင်

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ရေဖိုးရေခ ကောက်ခံရန်အတွက်
ရေမီတာဖတ်ရာတွင် ဝန်ထမ်းများ မမှန်မကန် လုပ်ဆောင်ခြင်းများရှိပါက စည်ပင်သာယာ
အခွန်ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အဆိုပါဌာနက ကော်မတီဝင် 
ဦးကျော်ဇောအောင်က ပြောသည်။

ဇွန်လ နောက်ဆုံးပတ်မှ စတင်ပြီး စည်ပင်သာယာ ရေနှင့် သန့်ရှင်းမှုဌာနမှ ရေပေးဝေရေး
လုပ်ငန်းများနှင့်ပတ်သက်ပြီး ရေသုံးစွဲသူများ အဆင်မပြေမှုများရှိပါက ဆက်သွယ်သတင်း
ပို့ရန် မြို့နယ်အလိုက် ဖုန်းနံပါတ်များကို မန္တလေးနေ့စဉ် သတင်းစာတွင် ဇွန် ၂၉ ရက်မှစ၍
ထည့်သွင်းဖော်ပြနေကြောင်း၊ ၄င်းပြင် ရေမီတာဖတ်သူများ မမှန်မကန်လုပ်ဆောင်ခြင်းများ
ရှိပါက တိုက်ရိုက်တိုင်ကြားနိုင်ပြီး ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ဦးကျော်ဇော
အောင်က ပြောသည်။

''ရေသုံးစွဲသူတွေ လတ်တလောအများဆုံးကြံုနေကြတာက ရေအပြည့်အဝ မရတာ၊
ရေပိုက်ပေါက်တာတွေပေါ့။ ဒါတွေကို ပိုမိုကောင်းမွန်လာဖို့ ရေနဲ့ သန့်ရှင်းမှုဌာနက ကြိုးစား
နေပါတယ်။ နောက်တစ်ခု အရေးကြီးတာက ရေမီတာဖတ်သူတွေ မမှန်မကန် အလွဲ
သုံးစားလုပ်တာမျိုးရှိခဲ့ရင် နေ့ရက်၊ အချိန်တွေနဲ့ ဌာနကို အကြောင်းကြားပေးစေချင်ပါတယ်။
ရေမီတာနံပါတ်တွေမလည်အောင် တုတ်နဲ့ထိုးတာ၊ အိမ်ရှင်နဲ့ ညှိနှိုင်းပြီး ဘယ်လောက်
နှုန်းနဲ့လုပ်ပေးမယ်ဆိုပြီး ငွေယူတာမျိုးတွေရှိရင် တိုင်ကြားနိုင်ပါတယ်။ အရေးယူပေးပါမယ်''
ဟု ဦးကျော်ဇောအောင်က ပြောသည်။

စည်ပင်သာယာက မြို့လူထုကို ရေမီတာစနစ်ဖြင့် ရေပေးဝေရာတွင် ပြီးခဲ့သောဘဏ္ဍာနှစ်
တစ်နှစ်အတွင်း ကျပ်သန်းပေါင်း ၃,၇ဝဝ ကျော် အရှုံးပေါ်ခဲ့ကြောင်း စည်ပင်သာယာ
တာဝန်ရှိသူများက ဇွန် ၂၆ ရက်တွင် စည်ပင်သာယာ ခြောက်ထပ်ဆောင်အစည်းအဝေး
ခန်းမတွင် သက်ဆိုင်ရာ မြို့နယ်အလိုက် ရပ်ကွက်အုပ်ချုပ်ရေမှူးများနှင့် တွေ့ဆုံရာတွင်
ပြောသည်။ စည်ပင်သာယာမှာ မိမိ ဘတ်ဂျက်အပေါ်တွင် ရပ်တည်နေခြင်းဖြစ်ရာ
မြို့ဖွံ့ဖြိုးမှုလုပ်ရန်အတွက် ရေမီတာခများကို ခေတ်နှင့်အညီ ပြောင်းလဲသတ်မှတ်ရန်
လိုအပ်ကြောင်းနှင့် ဧပြီ ၁ ရက်မှ စတင်၍ လက်ရှိနှုန်းထားများဖြစ်သော အိမ်သုံးတစ်ယူနစ်
(ဂါလန် ၂၂ဝ)လျှင် ၈၅ ကျပ်မှ ကျပ် ၂ဝဝ၊ စီးပွားသုံး တစ်ယူနစ်လျှင် ကျပ် ၁၁ဝ မှ ကျပ်
၂၆ဝ၊ ပြည်တွင်းလုပ်ငန်းရှင်များ၏ စက်ရုံသုံး တစ်ယူနစ်လျှင်ကျပ် ၄၄ဝ မှ ကျပ် ၆၆ဝ၊
နိုင်ငံခြားလုပ်ငန်းရှင်များ၏ စက်ရုံသုံး တစ်ယူနစ်လျှင် ကျပ် ၈၈ဝမှ ကျပ် ၁,၁ဝဝ၊ သုံးလ
တစ်ရစ်နှုန်း ပြောင်းလဲကောက်ခံသွားမည်ဖြစ်သည်။

ရေမီတာခများ ပြင်ဆင်သတ်မှတ်မှုနှင့် ရေသုံးစွဲမှု အခက်အခဲများကို ရပ်ကွက်အုပ်ချုပ်
ရေးမှူးများမှ အထက်ပါ အစည်းအဝေးတွင် ဆွေးနွေးခဲ့ရာတွင် ရေပိုက်ပေါက်သော
ပြဿနာနှင့် သန့်ရှင်းသော ရေမရမှုပြဿနာများ ကြံုနေရကြောင်း ပြောကြားခဲ့ကြပြီး၊
မဟာအောင်မြေမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက အခွန်တိုးကောက်ပြီး
အိတ်ပေါက်နှင့် ဖားကောက်သကဲ့သို့ မဖြစ်စေလိုကြောင်း ပြောသည်။

''ရေခ တစ်ယူနစ် ကျပ် ၂ဝဝ ဆို ရေသုံးစွဲသူတွေ ပေးလို့ရပါတယ်။ မြို့ဖွံ့ဖြိုးတိုးတက်ဖို့
ကျွန်တော်တို့လည်း တာဝန်ရှိပါတယ်။ အဆိုးဆုံးကို မပြောချင်တာက အိမ်ကိုရေမီတာ
လာကောက်တော့ (မီတာဖတ်သူက) နားလည်မှုယူရအောင်လို့ပြောတယ်။ ကျွန်တော့်ကို
လည်း ဝန်ထမ်းလားလို့ မေးတယ်။ ရေခွန် ကျပ်၁ဝ,ဝဝဝ ကျတယ်ဆိုရင် စည်ပင်ကျပ်
၅,ဝဝဝ၊ ကျန် ၅,ဝဝဝ ကို တစ်ဝက်စီစားလို့ ပြောတယ်။အခု ဒါမျိုးတွေရှိလား၊ မရှိလားတော့
မသိပါဘူး။ ဒါပေမဲ့ အခွန်တိုးကောက်ပြီး အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်မှာစိုးပါ
တယ်''ဟု ဇွန် ၂၆ ရက် အစည်းအဝေးတွင် အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောသည်။

လက်ရှိတွင် စည်ပင်သာယာရေနှင့် သန့်ရှင်းမှုဌာနက ဆောင်ရွက်ပေးနေသော ရေပေး
ဝေရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ရေပိုက်များပေါက်ခြင်း၊ ရေသန့်ရှင်းမှု မရှိခြင်း၊
ပုံမှန်ရေပေးဝေနေရာမှ (၂၄) နာရီကျော်သည်အထိ ရေမလာခြင်း၊ ရေမီတာအသစ်
တပ်ဆင်ရန် စုံစမ်းခြင်း၊ ရေပေးရေးနှင့် ပတ်သက်ပြီး ရေပိုက်သွယ်တန်းမှု၊ မီတာတပ်ဆင်မှု၊
ရေဖိုး ရေခကောက်ခံမှု စသည့်ကိစ္စရပ်များတွင် မသမာမှုများ ပြုလုပ်ပါက နံနက် ၉ နာရီမှ
ညနေ ၅ နာရီအတွင်း သက်ဆိုင်ရာမြို့နယ်အလိုက် ဆက်သွယ် သတင်းပို့ရန် ဖုန်းနံပါတ်
များကို မန္တလေးနေ့စဉ်သတင်းစာတွင် ဖော်ပြပေးနေသည်။

၄င်းတွင် အောင်မြေသာစံမြို့နယ်တွင် ဝ၉၉၁ဝဝ၇၃၂၇၊ ချမ်းအေးသာစံမြို့နယ်တွင်
ဝ၉၂ဝ၅၃၇၂၃၊ မဟာအောင်မြေ မြို့နယ်တွင် ဝ၉၂၂၂၅၆၉၉၊ ချမ်းမြသာစည်မြို့နယ်တွင်
ဝ၉၄၃ဝဝ၈၉၁၈၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဝ၉၇၉၇၅ဝဝ၃၂၆၊ အမရပူရမြို့နယ်တွင်
ဝ၉၅၁ဝ-၅၄၅၆ စသော ဖုန်းနံပါတ်များ ပါဝင်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး