ပဲ၊ နှမ်းများ အရောင်းအဝယ်နည်းပါးပြီး စျေးနှုန်းများကျဆင်းလာကြောင်း ပဲ၊နှမ်း အရောင်းအဝယ်
ပြုလုပ်သူများက ယခုလ ၃ ရက်က ပြောသည်။
ပြီးခဲ့သည့်လက တရုတ်နိုင်ငံဘက်မှ မြန်မာကုန်သည်များ၏ ဘဏ်အကောင့်များကို ပိတ်ပစ်လိုက်သည့်
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ပဲ၊ နှမ်းများ အရောင်းအဝယ်နည်းပါးလာပြီး စျေးနှုန်းများလည်း ကျဆင်း
လာကြောင်းစိုးဝင်းမြင့်ပွဲရုံမှ ဦးစိုးဝင်းမြင့်က ပြောသည်။
''မြန်မာကုန်သည်တွေရဲ့ ဘဏ်အကောင့်တွေ အပိတ်ခံရပြီးတဲ့နောက်ပိုင်းမှာ သိသိသာသာ
အရောင်းအဝယ်တွေ ပါးသွားတယ်။စျေးတွေလည်း တစ်ရက်ထက် တစ်ရက်ကျဆင်းသွားတယ်။
အခုထိအရောင်းအဝယ်တွေပါးနေတုန်းပါ'' ဟု ၄င်းက ပြောသည်။
တရုတ်အဝယ်များသည့် ပဲတီစီမ်းနှင့်နှမ်းအဖြူများလည်း အရောင်းအဝယ် နည်းပါးသွားကြောင်း၊
စျေးနှုန်းများလည်း တစ်အိတ်လျှင် ကျပ် ၃ဝ,ဝဝဝ ခန့် လျော့နည်းသွား ကြောင်း ဦးစိုးဝင်းမြင့်က
ပြောသည်။
''ပဲတီစိမ်းတို့၊ နှမ်းအဖြူတို့က တရုတ်တွေအရမ်းကြိုက်ပြီးတော့ အဝယ်များပါတယ်။ အခုနောက်ပိုင်း
အရောင်းအဝယ်တွေကလုံးဝ ရပ်တန့်မသွားပေမဲ့ နည်းနည်းပါးပါးပဲ ဖြစ်တော့တယ်။ အရင်နှစ် ဒီလို
အချိန်က အရောင်းအဝယ်ကောင်းတဲ့အချိန်ပါ'' ဟု ၄င်းက ပြောသည်။
တရုတ် အဝယ်နည်းပါးသွားသဖြင့် အိန္ဒိယကလည်း အဝယ်နည်းပါးသွားကြောင်း၊ အိန္ဒိယအဝယ်
များသည့် မတ်ပဲများလည်း စျေးနှုန်းများ ကျဆင်းသွားကြောင်း ဦးစိုးဝင်းမြင့်က ပြောသည်။
''အရင်ကတော့ တရုတ် အဝယ်နည်းပါးပေမဲ့ အိန္ဒိယဘက်ကတော့ မတ်ပဲတွေအဝယ်များတယ်။
ဒီနှစ်တော့ အိန္ဒိယဘက်ကလည်း အဝယ်နည်းပါးပြီး စျေးတွေ ကျကုန်တယ်''ဟု ၄င်းက ပြောသည်။
ယခင်နှစ်များက တရုတ်ဘက်က အဝယ်နည်းပါးသွားသော်လည်း အိန္ဒိယဘက်က အဝယ်ရှိသဖြင့်
အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရက်သတ္တပတ်မှ စတင်ပြီး တရုတ်နှင့် အိန္ဒိယက
အရောင်းအဝယ် ပြုလုပ်မှုနည်းပါးသဖြင့် ကုန်သည်များ အရောင်းအဝယ် နည်းပါးနေကြောင်း
မြသဇင်ပွဲရုံနှင့် ဆီစက်မှ ဦးကြည်မောင်က ပြောသည်။
''ကုန်သည်အယောက် ၃ဝ ရှိရင် ၁၅ ယောက်က အရောင်းအဝယ် ရပ်ထားပေမဲ့ ကျန်တဲ့၁၅ ယောက်
ကတော့ ရတဲ့စျေးနဲ့ ရောင်းနေရတယ်။ စျေးနှုန်းတွေကလည်း အရမ်းကျသွားပါတယ်။ ကုန်သည်တွေ
လည်းတော်တော်လေး အထိနာနေပါပြီ'' ဟု ၄င်းက ပြောသည်။
ယခင်က ပဲတီစိမ်း သုံးတင်းဝင် တစ်အိတ်ကို ကျပ် ၁၃ဝ,ဝဝဝ ကျော် ရရှိသော်လည်းယခုအခါတွင်
တစ်အိတ်ကို ကျပ်တစ်သိန်းကျော်သာ ရရှိကြောင်း၊ နှမ်းသုံးတင်းဝင် တစ်အိတ်လျှင် ယခင်က ကျပ်
၁ဝ၈,ဝဝဝ ရှိပြီး ယခုအခါတွင် ကျပ်တစ်သိန်း ခန့်သာရရှိကြောင်း ကုန်သည်များက ပြောသည်။
















