ရတနာပုံညစျေးသစ် ဇူလိုင်လ နောက်ဆုံးပတ်တွင် ဖွင့်လှစ်မည်

ရတနာပုံညစျေးသစ် ဇူလိုင်လ နောက်ဆုံးပတ်တွင် ဖွင့်လှစ်မည်

 

ဇွန် ၂၃ ရက်မှ ၂၅ ရက်အထိ သုံးရက်တာအကြိုစမ်းသပ် ဖွင့်လှစ်ခဲ့သော ရတနာပုံညစျေး
သစ်ကို ဇူလိုင်လ နောက်ဆုံးပတ်မှစ၍ အတည်ဖွင့်လှစ်သွားမည်ဖြစ်ကာ လိုအပ်ချက်များကို
ပြင်ဆင်ဖြည့်ဆည်းနိုင်ရန်ကော်မတီဖွဲ့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါညစျေးကို
အကောင်အထည်ဖော်နေသော Myanmar Da Yi ကုမ္ပဏီလီမိတက်အထွေထွေမန်နေဂျာ
ဦးတည်ကြည်အောင်က ပြောသည်။

အဆိုပါညစျေးကို မန္တလေးတောင်ခြေအနီး မြေအကျယ် ၄ ဒသမ ၁၃ ဧကပေါ်တွင်
တည်ဆောက်နေကာ စည်ပင်သာယာနှင့် BOT စနစ်ဖြင့် လုပ်ကိုင်ခြင်းဖြစ်ကြောင်း၊
မြေငှားရမ်းခ တစ်နှစ်လျှင် ကျပ်သိန်း ၃,ဝဝဝ ဖြစ်ကာ ခုနစ်နှစ် သဘောတူညီချက်ရှိကြောင်း
၄င်းက ပြောသည်။

''ဆိုင်တွေထဲမှာ နေ့စဉ်ရော၊ တစ်ပတ်ကိုလေးရက် အပတ်စဉ် ဖွင့်လှစ်မယ့်ဆိုင်တွေရော
ပါဝင်ပါမယ်။ ညပိုင်း ဒါမှမဟုတ် မနက်ပိုင်းမှာ ဖွင့်ချင်သူတွေလည်း အဆင်ပြေအောင်
မနက် ၉ နာရီက ည ၁ဝ နာရီအထိ၊ ညနေ၄ နာရီခွဲက ည ၁ဝ နာရီအထိ နှစ်ပိုင်းစီစဉ်ထား
တယ်။ ညစျေးရဲ့ အရသာပေါ်လွင်အောင်ဆိုင်တွေရဲ့ အခင်းအကျင်းတွေကို ဦးစားပေးစိစစ်
လုပ်ဆောင်သွားမှာပါ'' ဟု ဦးတည်ကြည်အောင်က ဇွန် ၂၉ ရက်တွင် ပြောသည်။

ညစျေးအတွင်း ဇုန်သုံးခုခွဲခြားထားကာဆိုင်ခန်းပေါင်း ၂၅ဝ ခန့် ပါဝင်ဖွင့်လှစ်နိုင်ကြောင်း၊
အပတ်စဉ်နှင့် လစဉ်ဖျော်ဖြေရေးအစီအစဉ်များ စီစဉ်သွားမည်ဖြစ်ကာ ကလေးများကစား
နိုင်မည့်ရေပန်းဥယျာဉ်၊ မြန်မာ့ယဉ်ကျေးမှုဇုန်တို့ကို ထည့်သွင်းစီစဉ်နေကြောင်း ပြောသည်။

''မန္တလေးမြို့က တောင်ဘက်မှာက စည်ကားနေပြီ။ မြောက်ပြင်မှာက ဘာမှ မရှိသေးပါဘူး။
ဒီစျေးကို လူထုအပန်းဖြေနိုင်ဖို့၊ အစားအသောက်စားရင်း ညစျေးရဲ့ အရသာကိုခံစားနိုင်ဖို့
ရည်ရွယ်ပါတယ်။ ပြီးတော့မြန်မာ့လက်မှုပစ္စည်းတွေကို စျေးထိုက်ထိုက်တန်တန်ရအောင်
ရောင်းနိုင်တဲ့ နေရာတစ်ခုဖြစ်လာစေချင်ပါတယ်''ဟု ဦးတည်ကြည်အောင်က ပြောသည်။

ဆိုင်ခန်းနှုန်းထားများတွင် အေဇုန်၌ပေ ၂ဝ၊ ပေ ၄ဝ တစ်ခန်းလျှင် တစ်လကျပ် ရှစ်သိန်း၊
ဘီဇုန်၌ ၁ဝ ပေ၊ ပေ ၂ဝ တစ်ခန်းလျှင် ကျပ်လေးသိန်း၊ စီဇုန်၌ ၁ဝ ပေပတ်လည်
တစ်ခန်းလျှင် ကျပ် ၁၂ဝ,ဝဝဝ သတ်မှတ်ထားသည်။ စျေးကို အကြိုသုံးရက် စတင်ဖွင့်လှစ်
စဉ်က သုံးရက်စလုံး လာရောက်သူများဖြင့် တိုးမပေါက်အောင် စည်ကားခဲ့ကာ
ယာဉ်ရပ်နားရန် အခက်အခဲနှင့် အစားအသောက်များ စျေးနှုန်းကြီးမြင့်မှုတို့ကို
လာရောက်သူများက ဝေဖန်မှုများရှိခဲ့သည်။

''ယာဉ်ရပ်နားနေရာ ပိုအဆင်ပြေအောင်စည်ပင်သာယာနဲ့ ပူးပေါင်းစီစဉ်ပေးမှာဖြစ်ပါတယ်။
လုံခြံုရေးအပိုင်းရောပေါ့။ ပြီးတော့စျေးကို စည်းကမ်းပိုင်းရော၊ ဖွံ့ဖြိုးမှုပါ ရှိစေဖို့စျေးသူ
စျေးသားတွေကိုပါ ထည့်ပြီး ကော်မတီဖွဲ့ လုပ်ဆောင်သွားပါမယ်။ ရှေ့ဆက်ရာမှာ
ပိုမိုကောင်းမွန်စေဖို့ ဝယ်သူတွေဘက်က အဆင်မပြေတာတွေကို ပြင်ဆင်သွားရမယ့်
အပိုင်းတွေ၊ ရောင်းချသူတွေကို ဖြည့်ဆည်းပေးရမှာတွေကို အတူစဉ်းစားဆုံးဖြတ်သွားကြ
ပါမယ်''ဟု ဦးတည်ကြည်အောင်က ပြောသည်။

မန္တလေးမြို့က ဧည့်လမ်းညွှန် ဦးထွန်းထွန်းက မန္တလေးမြို့တွင် ညအချိန် လည်ပတ်နိုင်
သည့်နေရာ သတ်သတ်မှတ်မှတ် မရှိသေးသဖြင့် ယခုကဲ့သို့ ညစျေးပေါ်ပေါက်လာသည်မှာ
ကောင်းမွန်ကြောင်း၊ နိုင်ငံခြားသားဧည့်သည်များ ပိုမိုသိရှိစေရန် ကြော်ငြာအားကောင်းရန်
လိုကြောင်း ပြောသည်။

''ညစျေးကို အစမ်းဖွင့်တော့ တစ်ခေါက်ရောက်ဖြစ်လိုက်ပါတယ်။ လတ်တလောအမြင်အရ
မြန်မာ့ရိုးရာ အစားအသောက်ဆိုင်တွေ များများရှိစေချင်တယ်။ နေရာကတော့ အရင်
ညစျေးရှိတဲ့ ၈၄ လမ်းလို နေရာမျိုးဆို ပိုကောင်းမယ်ထင်တယ်''ဟု ဦးထွန်းထွန်းက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး