ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်အတွင်း ဇူလိုင် ၂ ရက် နံနက်ပိုင်းက မန္တလေး-လားရှိုး
ရထားလမ်း မိုင်းခွဲဖျက်ဆီးခံရသော်လည်း ရထားခရီးစဉ်များ အသွားအလာမပျက်ကြောင်း
နောင်ပိန်ဘူတာရုံပိုင်ဦးသန်းထိုက်လင်းက ပြောသည်။
မန္တလေး-လားရှိုးရထားလမ်း နောင်ပိန်ဘူတာနှင့် စခန်းသာဘူတာအကြား မိုင်တိုင်
အမှတ် ၄၇၆ အနီးတွင် ရထားလမ်းကိုမိုင်းခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ပြောသည်။
''ဖြစ်တဲ့အချိန် အတိအကျတော့ မသိဘူး။ အနီးအနားကလူတွေက မနက် ၆ နာရီလောက်မှာ
အသံကြားလိုက်ရတယ်လို့ပြောကြတယ်။ ကျောက်မဲဘူတာက လမ်းဗိုလ်နဲ့ အလုပ်သမားတွေ၊
စစ်တပ်နဲ့ နောင်ပိန်က ရဲတွေက ဖြစ်တဲ့နေရာသွားစစ်ဆေးပြီး ချက်ချင်းပဲ ပြင်ဆင်ခဲ့ပါတယ်''ဟု
၄င်းက ပြောသည်။
မိုင်းခွဲတိုက်ခိုက်မှုကြောင့် ရထားလမ်း၏ ကွန်ကရစ်ဇလီဖားတုံးတစ်ခြမ်း ပျက်စီးကာ အရှေ့ဘက်
အခြမ်းရှိ သံလမ်းမှာ အပေါ်သို့ ခြောက်လက်မခန့် ငေါထွက်သွားကြောင်း၊ ချက်ချင်း ပြင်ဆင်ခဲ့သဖြင့်
ရထားအသွားအလာ မပျက်ကြောင်း ၄င်းက ပြောသည်။
ကျောက်မဲခရိုင်၊ နောင်ချိုမြို့မှ ဒေသခံတစ်ဦးက အများပြည်သူ သွားလာနေသည့်လမ်းကြောင်းတွင်
၁ဝ နှစ်တာကာလအတွင်း ယခုကဲ့သို့ မိုင်းခွဲတိုက်ခိုက်မှုမျိုး မဖြစ်ဖူးကြောင်း၊ ယခုအကြိမ်သည်
ပထမဆုံးအကြိမ်ဖြစ်ကြောင်း ပြောသည်။















