အလယ်တန်းအဆင့်ကျောင်းသား ၃၁၅ ဦးကို အခြေခံဘောလုံးသင်တန်းပေးရန် ရွေးချယ်

အလယ်တန်းအဆင့်ကျောင်းသား ၃၁၅ ဦးကို အခြေခံဘောလုံးသင်တန်းပေးရန် ရွေးချယ်

လူငယ်ဖွံ့ဖြိုးရေး ရှေ့ပြေးစီမံကိန်း (YouthDevelopment Pilot Project) အဖြစ် မန္တလေး
ခရိုင်အတွင်းရှိ အလယ်တန်းအဆင့်ကျောင်းသား ၃၁၅ ဦးကို အခြေခံဘောလုံး သင်တန်းပေးရန်
ရွေးချယ်ခဲ့ကြောင်း တိုင်းဘောလုံး ဆပ်ကော်မတီဥက္ကဋ္ဌ ဒေါ်မေမြတ်နွယ်က ပြောသည်။

''အဓိကကတော့ မန္တလေးတိုင်းအတွင်းမှာ အပျော်တမ်းအသင်းလေးတွေ ပေါ်ထွက်လာဖို့
ရည်ရွယ်တာပါ''ဟု ၄င်းက ပြောသည်။

မြို့နယ်အလိုက် သင်တန်းသား ရွေးချယ်ရာတွင် အသက် ၁၁ နှစ်နှင့် ၁၃ နှစ်အတွင်းရှိ ကျောင်းသား
များကို ခန္ဓာကိုယ် ကျန်းမာသန်စွမ်းမှု၊ ဘောလုံးကစားခြင်း အရည်အသွေးကောင်းမွန်မှု၊ အားကစား
သမား၏ အရပ်အမောင်းကောင်းမွန်မှု၊ ဘောလုံးအားကစား စိတ်အားထက်သန်မှုတို့ဖြင့် ရွေးချယ်
ကြောင်း ၄င်းက ပြောသည်။

ရွေးချယ်ခံရသော သင်တန်းသားများကို မြို့နယ်အလိုက် အားကစားကွင်းများတွင် တစ်ပတ်လျှင်
သုံးရက်နှုန်းဖြင့် ဇူလိုင်လဒုတိယပတ်မှ စတင်ကာ သုံးလသင်တန်းပေးသွားမည်ဖြစ်ပြီး သင်တန်း
ကာလ သုံးလအတွင်း၌ ဘောလုံးအခြေခံသင်တန်းပေးခြင်းအပြင် မြို့နယ်အလိုက် ပြိုင်ပွဲများကို
အိမ်ကွင်း အဝေးကွင်းပုံစံဖြင့် ပြိုင်ပွဲများပြုလုပ်ပေးမည်ဖြစ်ကြောင်း ဒေါ်မေမြတ်နွယ်က ပြောသည်။

''သင်တန်းပြီးသွားရင်လည်း ပြိုင်ပွဲတစ်ခုထပ်လုပ်ပေးပါ့မယ်။ အဲဒီပြိုင်ပွဲကနေ တကယ်ဝါသနာပါ၊
တကယ် ထူးချွန်ပြီး စည်းကမ်းလိုက်နာတဲ့ကလေး အနည်းဆုံး ၃ဝ လောက်ကို ရွေးချယ်ပြီး
ထပ်မံပြုစုပျိုးထောင်ပေးသွားမှာပါ''ဟု ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး