'ကျွန်' ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သည့် ရှေးဟောင်းအဆောက်အအုံများမှာ ဌာန၏ခွင့်ပြုချက်မပါ
ရှိဘဲ ရိုက်ကူးသည့်အတွက် အဆိုပါဇာတ်ကားနှင့် ပတ်သက်သူများကို တရားစွဲဆိုထားကြောင်း
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး
ဦးအောင်အောင်ကျော်က ယခုလ ၂ ရက်က ပြောသည်။
''ဌာနကနေ ခွင့်ပြုချက်မပေးတာတွေကိုလုပ်တယ်။ ရှေးဟောင်းအဆောက်အအုံတွေဆိုရင်လည်း
ရိုက်ပြထားလို့ဖြစ်ပါတယ်။အထူးသဖြင့် ခွင့်ပြုချက်မပေးတာကို လုပ်ဆောင်လို့ပါ''ဟု
ဦးအောင်အောင်ကျော်က ဆိုသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ ခွင့်ပြုချက်မပါရှိသည့်'ကျွန်'
ဇာတ်လမ်းနာမည်အတွက် ပုဂံမြို့သစ်ရဲစခန်းတွင် ပြီးခဲ့သည့် ဇွန်လနောက်ဆုံးရက်သတ္တပတ်
အတွင်းက အမှုဖွင့်ထားကြောင်း ၄င်းက ပြောသည်။
''ဟုတ်ပါတယ်။ ကျွန်တော်တို့စခန်းမှာ (ပ)၂၉/၂ဝ၁၇၊ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်
ထိန်းသိမ်းရေးဥပဒေ(၂ဝ၁၅)ပုဒ်မ ၂၁ နဲ့ ရှေးဟောင်းဌာနကနေ အမှုဖွင့်ထားပါတယ်'' ဟု
ပုဂံမြို့သစ်ရဲစခန်းတာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ယခုလ ၂ ရက်၌ ပြောသည်။
ဌာန၏ခွင့်ပြုချက်မပါရှိသည့်အတွက် ဦးအောင်အောင်ကျော်က 'ကျွန်' ရုပ်ရှင်ဇာတ်ကား ဒါရိုက်တာ
ညွန့်မြန်မာညီညီအောင်၊ ရှူတင်မန်နေဂျာ ကိုဟိန်းမင်းနှင့် ရုပ်ရှင်ထုတ်လုပ်ဖြန့်ချိသည့်
အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေးကို တရားစွဲဆိုထားကြောင်း ဦးအောင်အောင်ကျော်က
ပြောသည်။
''ကျွန်တော့်ဆီကိုတော့ တရားစွဲဆိုတာနဲ့ပတ်သက်ပြီး အကြောင်းကြားတာမျိုး မရှိသေးပါဘူး''ဟု
တရားစွဲဆိုခံထားရသည့် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ပြောသည်။
ရုံတင်ပြသခဲ့သည့် 'ကျွန်' ရုပ်ရှင်ဇာတ်ကားကို ပုဂံဒေသအတွင်း၌ ရိုက်ကူးရေးလုပ်ရန်
ခွင့်ပြုချက်ပေးရန် တင်ပြလာစဉ်ကလက်ရှိ 'ကျွန်' ဇာတ်ကားနာမည်အစား'အမှောင်တွေ
ရွာချတဲ့မိုးတိမ်' ဆိုသည့် နာမည်ဖြင့်သာ တင်ပြလာခဲ့ကြောင်း ရှေးဟောင်းညွှန်ကြားရေးမှူးထံမှ
သိရသည်။
'ကျွန်'ဇာတ်ကား ရုံတင်ပြသစဉ်ကလည်း ဇာတ်ကားတွင်ပါဝင်သည့် မင်္ဂလာသာစည်ရပ်ကွက်
ဒေသခံများက ဇာတ်ကားတွင် ပါဝင်သည့် စကားလုံး၊ အသုံးအနှုန်းများမှာ ဒေသခံကလေးငယ်များ
အနာဂတ်ကို ထိခိုက်မှုရှိသည့်အတွက် အချက်ခြောက်ချက် တောင်းဆိုမှုများ လုပ်ဆောင်ထားပြီး
တောင်းဆိုသည့်အချက်များ မရရှိပါက တရားစွဲဆိုရန်စီစဉ်ခဲ့သော်လည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး
၏ ဝင်ရောက် ညှိနှိုင်းပေးမှုကြောင့် လက်ရှိအချိန်တွင် တောင်းဆိုထားသည့် အချက်များအနက်
အချက်လေးချက်မှာ သဘောတူညီမှုများ ရရှိထားသည့်အတွက် တရားစွဲဆိုမည့် အစီအစဉ်ကို
ခေတ္တရပ်နားထားကြောင်း ဒေသခံများကိုယ်စား တရားစွဲဆိုမှုများလုပ်ဆောင်မည့် ညောင်ဦးမြို့
အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစန်းမောင်က ပြောသည်။















