မန္တလေးတိုင်းဒေသကြီးတွင် သိမ်းဆည်းခံလယ်ယာမြေများနှင့် ပတ်သက်ပြီး တောင်သူများ
တရားစွဲဆိုခံနေရခြင်းများနှင့် မူလတောင်သူများသို့ လယ်ယာမြေများ ပြန်လည်ပေးအပ်နိုင်ရန်
တိုင်းဒေသကြီးအစိုးရနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းများက ဆောင်ရွက်ပေးရန်
တောင်သူများက ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။
ဇွန် ၂၉ ရက်က မတ္တရာ၊ ပြင်ဦးလွင်၊ ပုသိမ်ကြီး၊ မိုးကုတ်၊ စဉ့်ကိုင် စသည့် တိုင်းဒေသကြီး
အနီးဝန်းကျင် မြို့နယ်များက လယ်ယာမြေသိမ်းဆည်းခံတောင်သူ ၁,ဝဝဝ ကျော်က ဆန္ဒဖော်ထုတ်
တောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး လယ်ယာမြေပြဿနာများနှင့် ပတ်သက်၍ အောက်ခြေအဆင့်တွင်မဟုတ်ဘဲ
ပြည်ထောင်စုအစိုးရအဖွဲ့အထိ သိရှိစေရန် ရည်ရွယ်ကြောင်း ဆန္ဒပြတောင်သူများက ပြောသည်။
''ဒီနေ့အချိန်အထိ လယ်ယာမြေပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ တောင်သူတွေကို တရားစွဲဆို
ဖမ်းဆီးနေတာတွေ ရှိနေပါသေးတယ်။ ဒါတွေကို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် နိုင်ငံတော်
အစိုးရအဖွဲ့အစည်းတွေ သိစေချင်ပါတယ်။ ၂ဝ၁၂ လယ်ယာမြေဥပဒေတွေအတိုင်း သိမ်းဆည်းခံ
လယ်ယာမြေတွေကို အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးစေချင်ပါတယ်။ ကျွန်တော်တို့ တောင်သူ
တွေမှာ ဒီဒုက္ခတွေကို ခံစားနေရတာ ကြာပါပြီ'' ဟုမတ္တရာမြို့နယ်အတွင်းရှိ တောင်သူ
ကိုရဲရင့်အောင်က ပြောသည်။
တိုင်းအတွင်း မြို့နယ်အသီးသီးရှိ တောင်သူလယ်သမားများကို မတရားသော ပုဒ်မများနှင့်
တရားစွဲဆိုနေမှု၊ ဖမ်းဆီးချုပ်နှောင်နေမှုများအတွက် တရားဥပဒေစိုးမိုးရေး၊ တရားမျှတရေးနှင့်
ဆုံးရှုံးနေသော လယ်ယာမြေများကို မူလတောင်သူများထံ ပြန်လည်ပေးအပ်ရန် တောင်း
ဆိုခဲ့သည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏အစိုးရသက်တမ်း တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင်
အစိုးရအဖွဲ့ဝန်ကြီးများကတိုင်းအတွင်းရှိ လယ်ယာမြေများ သိမ်းဆည်းထားသည့် ဝန်ကြီးဌာနများကို
ပြန်လည်စွန့်လွှတ်ရန်အတွက် အစီအစဉ် ရှိမရှိ သဘောထားတောင်းခံထားပြီးဖြစ်ကာ ပြန်လည်
အကြောင်းပြန်ခြင်း မရှိသေးသည့်အတွက် အချိန်ကြာမြင့်နေရခြင်းဖြစ်ပြီး လယ်ယာမြေဥပဒေများ
အတိုင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားထားသည်။
















