ပုဂံဇုန်အတွင်း ဓာတ်ပုံရိုက်ကူးသူများ ပိုက်ဆံပေးဆောင်ရမည်

ပုဂံဇုန်အတွင်း ဓာတ်ပုံရိုက်ကူးသူများ ပိုက်ဆံပေးဆောင်ရမည်

ပုဂံဇုန်အတွင်း စီးပွားဖြစ်ဓာတ်ပုံ၊ ကုမ္ပဏီကြော်ငြာ၊ ပြက္ခဒိန်ဓာတ်ပုံ နှင့် မင်္ဂလာဆောင်အလှ
(prewedding) ဓာတ်ပုံ လာရောက် ရိုက်ကူးသူများကို တစ်ရက်လျှင် ကျပ် တစ်သိန်း ကောက်ခံလျက်
ရှိကြောင်းရှးဟောင်းသုတေ သန၊ အမျိုးသားပြတိုက်နှင့်စာကြည့်တိုက်ဦးစီးဌာန ပုဂံဌာနခွဲ
ညွှန်ကြားရေးမှုး ဦးအောင်အောင်ကျော်က မြန်မာ တိုင်း(မ်) ကို ဇူလိုင် ၄ ရက်နေ့ကပြောသည်။

ယခုကဲ့သို့ အခကြေးငွေသတ်မှတ်ကောက်ခံရခြင်းမှာ မင်္ဂလာဆောင်အလှ (prewedding) ဓာတ်ပုံ
ရိုက်ကူး သူ များသည် ၂ဝ၁၆ ကစပြီး ပုဂံတွင်လာရောက်ရိုက်ကူးမှု များပြားလာသောကြောင့်
မလိုလားအပ်သည့် ပြသနာများ၊ ယဉ်ကျေးမှုနှင့် မလျော်ညီသည့်အပြုအမှုများ ဖြစ်ပေါ်လာနိုင်သောကြောင့်
ဖြစ်သည်ဟု ၄င်းကပြောသည်။

''ညွှန်ကြားချက်က ၂ဝဝ၅ ကတည်းက ရှိခဲ့တာ။ ဘုရားတွေကိုလာတဲ့ ခရီးသွားတွေအနှောင့်အယှက်ဖြစ်မှာ
စိုးလို့ ဓာတ်ပုံရိုက်တဲ့သူတိုင်းကို ပိုက်ဆံကောက်တာမဟုတ်ပေမဲ့ စီးပွားရေးလုပ်တာမျိုး၊ ရုပ်ရှင်၊ ဗွီဒီယိုနဲ့
သတင်းဌာနက သူတွေဆိုရင် တစ်ရက် တစ်သိန်းပေးဆောင်ရမယ်'' ဟု ဦးအောင်အောင်ကျော်ကပြော
သည်။

ယခုနှစ်ဆန်းပိုင်းအတွင်း ပုဂံတွင် နိုင်ငံခြားသားဓာတ်ပုံဆရာတစ်ဦးမှ ကိုရင်ငယ်လေးများကို
ဓာတ်ပုံ ရိုက်ကူးရန် သရုပ်ပြအနေနှင့် ဘောလုံးကန်ခိုင်းခြင်း၊ ဘုရားကျွန်ကိုအခြေခံပြီးရိုက်ကူးခဲ့သော့
ကျွန်ရုပ်ရှင်ဇာတ်ကားနှင့် ဆိုရှယ် မီဒီယာများတွင်ပျံ့နှံ့ခဲ့သည့် နိုင်ငံခြားသူတစ်ဦး၏ မြန်မာ့ယဉ်ကျေးမှုနှင့်
ဆန့်ကျင်သော အဝတ်ဗလာနှင့် ဓာတ်ပုံ စသည့်ကိစ္စရပ်များ ဖြစ်ပွားခဲ့သည်။

ထို့အပြင် မြန်မာဓာတ်ပုံဆရာတစ်ဦးသည် ရှေးဟောင်းဘုရားတစ်ဆူအတွင်း ဓာတ်ပုံရိုက်ကူးရာတွင်
အပြင်လူမဝင် စေရန် တံခါးများသော့ခတ်ပြီး ဓာတ်ပုံရိုက်ကူးမှုပြုလုပ်ခဲ့သောကြောင့် မကျေနပ်သူများက
ရှေးဟောင်းသုတေသန ဌာနသို့ တိုင်ကြားခြင်းရှိခဲ့သည်။

ဓာတ်ပုံရိုက်ကူးသူများသည် ၂ဝဝ၅ မှ ၂ဝ၁၅ အတွင်း လွတ်လပ်စွာရိုက်ကူးနိုင်ခဲ့သော်လည်း
၂ဝ၁၆ မှစပြီး မင်္ဂလာ ဆောင်အလှ (prewedding) ဓာတ်ပုံရိုက်ကူးသူများကို တစ်ရက်လျှင် တစ်သိန်း
ကောက်ခံခဲ့သည်ဟု ပုဂံဒေသခံ ဓာတ်ပုံဆရာတစ်ဦးဖြစ်သည ပုဂံမင်းမင်းဦးက မြန်မာတိုင်း(မ်)ကို
ပြောသည်။

ရှေးဟောင်းဌာနသည် ရိုက်ကူးရေးပစ္စည်းအစုံနှင့်ရိုက်ကူးသူတိုင်းကို စီးပွားဖြစ်ဓာတ်ပုံရိုက်ကူးသူများ
အဖြစ် မှတ်ယူ ထားသောကြောင့် အပျော်တမ်းဓာတ်ပုံဝါသနာရှင်များနှင့် ဓာတ်ပုံပြိုင်ပွဲအတွက်
လာရောက်ရိုက်ကူးသူများ အားလုံး ကို တစ်ရက်လျှင်တစ်သိန်းကောက်ခံလျက်ရှိသည်ဟု
၄င်းကပြောသည်။

''သူတို့က ပစ္စည်းအစုံနဲ့ဆင်ပြီးရိုက်တဲ့သူတိုင်းကို စီးပွားဖြစ်ဓာတ်ပုံဆရာလို့ထင်လိုက်တာပဲ။
အပျော်တမ်းဓာတ်ပုံ ဆရာနဲ့ ပြိုင်ပွဲဝင်ဓာတ်ပုံဆရာတွေက ဝါသနာပါလို့ လုပ်တာ စီးပွားဖြစ်
မဟုတ်ဘူး။ ဓာတ်ပုံဆရာတစ်ဦးက အနည်း ဆုံး ပိုက်ဆံ ၂ သိန်းခွဲရှိမှ ပုဂံရောက်တယ်။
ဒီကျ ပိုက်ဆံတစ်သိန်းထပ်ပေးရဦးမယ်။ ရိုက်ပြီးတဲ့ ဓာတ်ပုံတွေက ပိုက်ဆံ ပြန်ရမရဆိုတာ
မသေချာဘူး။ ကျွန်တော်ဆို ဒီနှစ်ဆန်းပိုင်းကစပြီး ပုဂံမှာ ဓာတ်ပုံတွေ မရိုက်ဖြစ်တော့ဘူး'' ဟု
နိုင်ငံအနှ့ံသဘာဝ ရှု့ခင်းပုံများ အများဆုံးရိုက်လေ့ရှိသည့် ပုဂံမင်းမင်းဦးက ပြောသည်။

ဓာတ်ပုံရိုက်ကူးရာ၌ မြန်မာ့ယဉ်ကျေးမှုနှင့်မသင့်လျော်သည့် အပြုအမူများ မဖြစ်ပွားစေရန်
ရှေးဟောင်း သုတေသန ဌာနမှ မလာခင်ကတည်းက ဓာတ်ပုံရိုက်ကူးရာတွင် ရှောင်ရန်၊
ဆောင်ရန်များ တိကျစွာ အသိပေး ခြင်းဖြင့် မလို လားအပ်သည့် ပြသနာများကို ကြိုတင်
ကာကွယ်နိုင်သည်ဟု ခရီးသွားလုပ်ငန်းရှင်များက သုံးသပ်သည်။

ခရီးသွားလုပ်ငန်းကို အဓိကအားထားနေရသည့် ပုဂံဒေသသည် တစ်နည်းအားဖြင့် အဆိုပါ
ဓာတ်ပုံများကြောင့် နိုင်ငံ တကာ ခရီးသွားဧည့်သည်များကို ပိုမိုသတိထားမိစေနိုင်ပြီး ခရီးသွား
လုပ်ငန်းစျေးကွက်အရောင်းမြှင့်တင်ခြင်း နည်း လမ်းတစ်မျိုး ဖြစ်သည်ဟု ခရီးသွားလုပ်ငန်းရှင်
တစ်ဦးဖြစ်သည့် ဦးကျော်စွာမင်းက မြန်မာတိုင်း(မ်) ကိုပြောသည်။

''ပုဂံဟာ ကမ္ဘာမှာ မကျော်ကြားသေးဘူး။ လူသိပ်မသိသေးဘူး။ အန်ကောဝပ်မှာ ကမ္ဘာလှည့်
ခရီးသွား ၅ သန်းရှိနေ ချိန်မှာ ပုဂံမှာ ၃ သိန်းပဲရှိသေးတယ်။ ဒီလိုအခြေအနေမှာ ဓာတ်ပုံ
ပညာရှင်တွေ ရိုက်လေ ပုဂံလှလေ၊ ဒါကလည်း ခရီးသွားလုပ်ငန်းစျေးကွက်အရောင်းမြှင့်
တင်ခြင်းတစ်ခုပဲ။ ဒါပေမဲ့ ဘယ်ဟာက ဂါဝရ၊ ဘယ်အရာက အဂါဝရ ဆိုတာမျိုး ဆင်ခြင်ပြီး ခွင့်ပြုပေး
သင့်တာ'' ဟု ၄င်းကပြောသည်။

မင်္ဂလာဆောင်အလှဓာတ်ပုံနှင့် စီးပွားဖြစ်ရိုက်ကူးသူများကို တစ်ရက်လျှင်တစ်သိန်းနှင့် ရုပ်ရှင်နှင့်
ဗွီဒီယိုရိုက်ကူး သူများကို တစ်ရက်လျှင် ငါးသိန်း သတ်မှတ်ထားကြောင်း ရှေးဟောင်းသုတေသန
ဌာနက သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး