တိုင်းဒေသကြီး၊ ပြည်နယ်ပိုင်ပစ္စည်းများ ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် အခြားနည်းဖြင့် ဆောင်ရွက်ခြင်းဆိုင်ရာ ဥပဒေကြမ်းရေးဆွဲရန် မန္တလေးတိုင်းလွှတ်တော်တွင် တင်သွင်း

တိုင်းဒေသကြီး၊ ပြည်နယ်ပိုင်ပစ္စည်းများ ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် အခြားနည်းဖြင့် ဆောင်ရွက်ခြင်းဆိုင်ရာ ဥပဒေကြမ်းရေးဆွဲရန် မန္တလေးတိုင်းလွှတ်တော်တွင် တင်သွင်း

တိုင်းဒေသကြီး သိုမဟုတ် ပြည်နယ်အတွင်း၌ရှိသော ပစ္စည်းများကို ရောင်းချခြင်း၊ 
ငှားရမ်းခြင်း၊ အခြားနည်းလွှဲပြောင်းခြင်းတို့ ပြုလုပ်သည့်အခါတွင် စနစ်တကျရှိစေရန်နှင့် 
ပွင့်လင်းမြင်သာမှုရှိပြီး တာဝန်ခံမှုရှိစေရန်အတွက် ယင်းကိစ္စရပ်များကို ထိန်းကျောင်းနိုင်
သည့်ဥပဒေကြမ်းရေးဆွဲနိုင်ရန် မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် အဆိုတင်သွင်း
ခဲ့သည်။

ယခုလ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး
လွှတ်တော် ဆဌမပုံမှန် အစည်းအဝေး (ပထမနေ့) တွင် ချမ်းမြသာစည်မြို့နယ်
မဲဆန္ဒနယ်အမှတ် (၁) မှ ဦးတင်အောင်ကတင်သွင်းခြင်းဖြစ်သည်။

တိုင်းဒေသကြီး၊ ပြည်နယ်ပိုင်ပစ္စည်းဆိုရာတွင် ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့်
မရွှေ့ပြောင်းနိုင်သောပစ္စည်းများ မည်သည်ကိုဆိုလိုခြင်းဖြစ်ကြောင်း ကွဲပြားစွာ
မသိရကြောင်း၊ ၄င်းပစ္စည်းများကို ငှားရမ်းသည့်အခါတွင် မည်သူက တာဝန်ခံငှားရမ်း၍
အချိန်မည်မျှငှားရမ်းထားကြောင်း၊ ငှားရမ်းခငွေကြေးများနှင့် ယင်းငွေကြေးများကို
မည်သို့ပြန်လည်အသုံးချနေသည်ကို စနစ်တကျမရှိသေးကြောင်း အဆိုတင်သွင်းခဲ့သည်။

''ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်း ဒါမှမဟုတ်ပြည်နယ်တွေမှာ ကိုယ့်တိုင်းအစိုးရ
ဘာတွေပိုင်ဆိုင်တယ်ဆိုတာ သိထားသင့်တယ်။ ဒီနေ့ဖြစ်နေတဲ့ ပြဿနာက အစိုးရတိုင်း
ဒေသကြီးကပဲ ပိုင်တာလိုလို၊ စည်ပင်သာယာကပဲ ပိုင်ဆိုင်တာလိုလို ပြည်ထောင်စု
ပိုင်ဆိုင်တာလိုလိုနဲ့ ဘယ်သူကပိုင်ဆိုင်တယ်ဆိုတာ ခွဲခြားမသိသေးဘူးဖြစ်နေတယ်။

အဲဒီပစ္စည်းစာရင်းတွေက ခွဲခြားသိဖို့လိုအပ်တယ်။ နောက်တစ်ခါ ဘယ်လိုတွေရောင်း
တယ်၊ ဘယ်လိုတွေငှားတယ်၊ ဘယ်လိုစနစ်နဲ့ငှားတယ်ဆိုတဲ့ ဥပဒေမရှိဘူး။ ဥပဒေ
ရှိနေရင်တော့ ဒါတွေက ပိုပြီးတော့ တိကျသွားမှာပေါ့။ ဒါကြောင့်မို့လို ဒီအဆိုကို တင်သွင်း
တာပါ '' ဟု ဦးတင်အောင်ပြောသည်။

တိုင်းဒေသကြီးပိုင် ပစ္စည်းများအပေါ် ရောင်းချခြင်း၊ ငှားရမ်းခြင်း၊ အခြားနည်းလွှဲပြောင်း
ခြင်းနှင့််ဆိုင်သော ဥပဒေမရှိသေးသည့်အတွက် တိုင်းဒေသကြီးပိုင်ပစ္စည်းများ (မြေ၊
ဥယျာဉ်၊ ကစားကွင်း၊ ဟိုတယ် ) ကို လက်သိပ်ထိုးငှားရမ်းခြင်း၊ ရောင်းချခြင်း၊ လွှဲပြောင်း
ခြင်းများ ဖြစ်ပေါ်နေသည်မှာ အထင်အရှားဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ
ပြည်ထောင်စုပိုင်ပစ္စည်းများနှင့် ပတ်သက်ပြီး ဥပဒေရေးဆွဲနိုင်သော်လည်း ရေးဆွဲနိုင်ခြင်း
မရှိသေးကြောင်း ၄င်းက ပြောသည်။

''ဥပဒေအတည်ဖြစ်ဖို့ဆိုတာကတော့ လွှတ်တော်က အတည်ပြုဖို့တော့လိုအပ်သေးတာ
ပေါ့။ ဒီဥပဒေက တကယ်လည်း လိုအပ်နေတဲ့အတွက်ကြောင့်မို့ ရေးဆွဲသင့်တဲ့အချိန်
လည်းရောက်ပြီး ရေးဆွဲဖို့အချိန်လည်းရပြီပေါ့။ ပြည်ထောင်စုအဆင့်က သူတို့ရေးဆွဲမယ်
ဆိုရင်လည်း သူတို့စီမံနိုင်သလို ကျွန်တော်တို့တိုင်းဒေသကြီး ပြည်နယ်တွေအတွက်
ကလည်း လိုအပ်တယ်။ ဥပဒေခြင်း ပဋိပက္ခဖြစ်ဖို့တော့ အကြောင်းမရှိပါဘူး'' ဟု
ဦးတင်အောင်ကပြောသည်။

ယင်းဥပဒေပေါ်ပေါက်လာခြင်းဖြင့် တိုင်းဒေသကြီးပိုင်ပစ္စည်းများ ရောင်းချခြင်း၊ ငှားရမ်းခြင်း၊
အခြားနည်းလွှဲပြောင်းခြင်းကိစ္စရပ်များတွင် ပွင့်လင်းမြင်သာမှုရှိစေခြင်း၊ အလေ့အလွင့်
လျော့နည်းပြီး ဥပဒေပုံစံအတိုင်း စနစ်တကျဆောင်ရွက်ခြင်းများကြောင့် အငြင်းပွားမှု၊
သံသယဖြစ်မှုလျော့နည်းပြီး အဂတိတရားရှောင်ရှားနိုင်မည်ဖြစ်ကြောင်း ၄င်းက
ပြောသည်။

ယင်းဥပဒေကြမ်းရေးဆွဲခြင်းနှင့် ပတ်သက်သည့် အဆိုကို လွှတ်တော်ကအတည်ပြုထားပြီး
လာမည့်လွှတ်တော်ရက်များတွင် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးသွားမည်
ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး