မန္တလေးမြို့ ဧရာဝတီမြစ်ရေ ယခုလနောက်ဆုံးပတ်အတွင်း စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်

မန္တလေးမြို့ ဧရာဝတီမြစ်ရေ ယခုလနောက်ဆုံးပတ်အတွင်း စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်

မန္တလေးမြို့၏ ဧရာဝတီမြစ်ရေမှာ ယခုဇူလိုင်လနောက်ဆုံးပတ်အတွင်း မြို့၏စိုးရိမ်ရေအမှတ်သို့
ရောက်ရှိနိုင်မည်ဟု ခန့်မှန်းကြောင်း ချမ်းအေးသာစံမြို့နယ်၊ ကမ်းနားလမ်းပေါ်ရှိရေကင်းအမှတ်(၁)မှ
ရေကင်းမှူးဦးဝင်းသန်းလှိုင်က ပြောသည်။

လက်ရှိအနေအထားအရ မြစ်ရေမှာ ထူးခြားမှုမရှိသေးသော်လည်း လာမည့်ရက်သတ္တပတ်သုံးပတ်
အတွင်း အရှိန်အဟုန်ဖြင့် ရေတိုးလာမည်မှန်း ကြောင်း ဦးဝင်းသန်းလှိုင်က ပြောသည်။

''အခုရေအခြေအနေက ပုံမှန်ပဲရှိသေးပေမယ့် ရေအခံကလဲရှိနေတော့ လာမယ့်သြဂုတ်လထဲအထိ
မရောက်ပဲ ဒီလနောက်ဆုံးပတ်လောက်မှာ စိုးရိမ်ရေဝန်းကျင်အထိ ရေတိုးလာနိုင်ပါတယ်''ဟု
ဦးဝင်းသန်းလှိုင်က ယခုလ ၅ ရက်တွင် ပြောသည်။

လတ်တလောတွင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အထက်ပိုင်းတို့တွင် မြစ်ရေများမြင့်တက်နေကာ
ဇူလိုင်လ ၄ ရက်၌ ရွှေကူတွင် ဧရာဝတီမြစ်ရေမှာ မြို့၏စိုးရိမ်ရေမှတ်အောက် တစ်ပေခွဲခန့်တွင်
ရောက်ရှိနေပြီး နောက်နှစ်ရက်တွင်း ၄င်းမြို့၏စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ကြောင်း
မိုးဇလက သတင်းထုတ်ပြန်ထားသည်။

မန္တလေးမြို့၏ ဧရာဝတီမြစ် စိုးရိမ်ရေအမှတ်မှာ ၁၂၆ဝ စင်တီမီတာ (၂၃ဝ.၇၄ ပေ) ဖြစ်ကာ၊
ပြီးခဲ့သောနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ၁၂၄၈ စင်တီမီတာ (၂၃ဝ. ၃၅ ပေ) သို့ မြစ်ရေတက်လာ
ခဲ့သည်။ ထို့နောက် သြဂုတ်လတစ်ရက်နေ့တွင် ၁၃၂၅ စင်တီမီတာ (၂၃၂.၈၇ ပေ) သို့ ရောက်ရှိခဲ့ကာ
စိုးရိမ်ရေအမှတ်အထက် ၂ ပေကျော်သို့ ရောက်ရှိခဲ့သည်။

မြစ်ရေမြင့်တက်မှုကြောင့် ကန်ပတ်လမ်းကို ကျော်လွန်ကာ မန္တလေး အနောက်ဘက်ခြမ်းရှိ ရပ်ကွက်များ
အတွင်း ရေဝင်ရောက်မည်ကို စိုးရိမ်ရသဖြင့် စည်ပင်သာယာနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ
ရေဝင်ရောက် နိုင်သော နေရာများကို တမံများပိတ်ကာ စောင့်ကြည့်ခဲ့ကြရသည်။

ယမန်နှစ်က မြစ်ရေကြီးပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမရပူရမြို့နယ်အတွင်းရှိ
ကျေးရွာများ၊ မန္တလေးနှင့် စစ်ကိုင်းမြို့ကို ဆက်သွယ်ထား သော ဧရာဝတီမြစ်ကူးတံတား (ရတနာပုံ)
အနီးရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် ရေဝင်ရောက်မှုရှိခဲ့ကာ ဦးပိန်တံတားနှင့် အင်းဝရှေးဟောင်း
နယ်မြေတို့တွင်လဲရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေမှာ ပြီးခဲ့သော ၂ဝဝ၄ ခုနှစ်က စိုးရိမ်ရေမှတ်ကျော်လွန်တည်ရှိခဲ့ရာ၌
အကြာဆုံးရက်အဖြစ် ရက်ပေါင်း ၁၇ ရက် စံချိန်တင်တည်ရှိခဲ့ပြီး ရေအမှတ်မှာ ၁၃၈၂ စင်တီမီတာ
(၂၃၄.၇၄ ပေ) ရှိခဲ့သည်။ ၄င်းမှာ ၁၉၇ဝ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးရေအမှတ်ဖြစ်ခဲ့ပြီး ၂ဝ၁၅ ခုနှစ်ကမူ
စက်တင်ဘာလ ၁ ရက်နေ့တွင် ၁ဝ၉၂ စင်တီမီတာ (၂၂၅.၂၃ ပေ) သို့ အမြင့်ဆုံးရောက်ရှိခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး