ရှေးဟောင်းဇုန်များသို့လာရောက်သည့် ပြည်ပခရီးသွားများထံမှ ဇုန်ဝင်ကြေး တိုးမြှင့်ကောက်ခံနိုင်ရန် စီစဉ်

ရှေးဟောင်းဇုန်များသို့လာရောက်သည့် ပြည်ပခရီးသွားများထံမှ ဇုန်ဝင်ကြေး တိုးမြှင့်ကောက်ခံနိုင်ရန် စီစဉ်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းဇုန်များကို လာရောက်လည်ပတ်သည့် ပြည်ပ
ခရီးသွားများထံမှ ဇုန်ဝင်ကြေးများကို တိုးမြှင့်ကောက်ခံနိုင်ရန် စီစဉ်နေကြောင်း ရှေးဟောင်း
သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ တာဝန်ရှိသူတစ်ဦးက
ယခုလ ၆ ရက်က ပြောသည်။

''ဇုန်ဝင်ကြေး တိုးမြှင့်ဖို့က စီစဉ်နေဆဲပါ။ ဘယ်လောက် ကောက်မယ်ဆိုတာတော့
မပြောနိုင်သေးဘူး။ အခုမှ စီစဉ်နေဆဲဖြစ်လို့ပါ''ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ဇုန်ဝင်ကြေး တိုးမြှင့်ကောက်ခံခြင်းမှာတိုင်းဒေသကြီး အစိုးရရန်ပုံငွေ တိုးမြှင့်ရရှိစေရန်နှင့်
လက်ရှိကောက်ခံနေသည့် ဇုန်ဝင်ကြေးများမှာ ခေတ်ကာလနှင့်နှိုင်းယှဉ်ပါက နည်းပါးမှု
ရှိကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။

''ဇုန်ဝင်ကြေးကောက်တဲ့ စျေးနှုန်းက တက်မယ်ဆိုရင်လည်း အနည်းငယ်ပါ။ အများကြီး
မတိုးပါဘူး။ သူတို့ပေးမယ်ဆိုရင်လည်း ပေးလို့ရနိုင်တဲ့ပမာဏပါပဲ။ နောက်တစ်ခုက မြန်မာ
ငွေကြေးနဲ့ ကောက်မလား၊ ဒေါ်လာနဲ့ ကောက်မလားဆိုတာလည်း စဉ်းစားနေရတယ်။
ကောက်မယ့်နေရာတွေကိုလည်း ပြန်လည်ချင့်ချိန်ရပါသေးတယ်'' ဟု အဆိုပါတာဝန်ရှိသူက
ပြောသည်။

ရှေးဟောင်းဇုန်ဝင်ကြေး တိုးမြှင့်ကောက်ခံခြင်း အစီအစဉ်မှာ မန္တလေးတိုင်းဒေသကြီး
အတွင်းရှိ ရှေးဟောင်းဇုန်ကိုးခုလုံး အကျုံးဝင်မည်ဖြစ်သော်လည်း တိုးမြှင့်ကောက်ခံမည့်
စျေးနှုန်းမှာ အနည်းငယ်ကွာခြားနိုင်ဖွယ်ရှိသည်။

''အစိုးရဘဏ္ဍာငွေ တိုးဖို့အတွက်ကောက်ခံတာ ဖြစ်သင့်ပါတယ်။ အစိုးရဘဏ္ဍာရေး
တောင့်မှ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပိုမိုလုပ်ကိုင်လာနိုင်မှာ။ ဒါပေမဲ့ကောက်ခံတဲ့စျေးနှုန်းက
သင့်တော်တဲ့ စျေးနှုန်းတစ်ခုတော့ ဖြစ်သင့်တယ်။ ဒါမှလည်း ပြည်ပခရီးသွားတွေက
ကျေနပ်မှုရှိမှာ။ မဟုတ်ရင် စျေးကြီးတယ်ဆိုပြီး မလာရင် ကိုယ့်နိုင်ငံပဲ နစ်နာနိုင်တယ်''ဟု
ဧည့်လမ်းညွှန် ဦးအောင်ကိုက ပြောသည်။

လက်ရှိ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကောက်ခံနေသည့် ဇုန်ဝင်ကြေးမှာ ကျပ်
၁ဝ,ဝဝဝ ခန့်မှ ကျပ် ၂၅,ဝဝဝ ထိရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်
ဦးစီးဌာန တာဝန်ရှိသူက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး