မန္တလေးတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးလုပ်ကိုင်ရန်အတွက် ပေးဝေနေသည့်ရေအသုံးပြုမှု
အတွက် ရရှိရမည့် ရေခွန်ကြွေးကျန်များ ကျန်ရှိလျက်ရှိပြီး ယင်းကြွေးကျန်များကို ပြန်လည်
ရရှိရန်အတွက် အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းထားပြီး စနစ်တကျ ပြန်လည်ကောက်ခံသွား
မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာ
စိုးသန်းက ပြောသည်။
ယခုလ ၆ ရက်က မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတတိယ
နေ့တွင် တိုင်းဒေသကြီး စာရင်းစစ်ချုပ်က တင်သွင်းခဲ့သော မန္တလေးတိုင်းဒေသကြီး
၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်၊ ဘဏ္ဍာငွေအရအသုံးစာရင်း စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်
စပ်လျဉ်းပြီး တိုင်းဒေသကြီးအတွင်းရှိ ကြွေးကျန်များနှင့် ပတ်သက်ပြီးမေးမြန်းမှုကို ဝန်ကြီးက
ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
''ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်းမှာ ရေခွန်ကြွေးကျန်တွေ ကျန်နေသေးတယ်။ အရင်
တုန်းကတော့ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးရုံးတွေက ကောက်တာပေါ့။ အရင်
အစိုးရအဆက်ဆက် ကာလတစ်လျှောက်လုံးက ကျန်တာပေါ့။ ရေပေးဝေတော့
လယ်ဆည်က ပေးတယ်။ ငွေကောက်တော့ ထွေအုပ်က ကောက်ခံတယ်။ ဒီငွေတွေ
ဘယ်ဝင်နေမှန်းလည်း မသိဘူးပေါ့။ အစိုးရဘဏ္ဍာထဲ ရောက်ရမယ့်ပိုက်ဆံတွေပါ။ အခု
အဖွဲ့အစည်း ဖွဲ့စည်းကောက်မယ်။ သက်ဆိုင်ရာ ထွေအုပ်တွေကဦးဆောင်ပြီးတော့ပဲ
ကောက်ပါမယ်'' ဟု ဒေါက်တာစိုးသန်းက ပြောသည်။
တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးလုပ်ကိုင်ရန် ရေကိုရနိုင်သည့်နေရာမှ ကြိုးစား
ယူဆောင်နေရသောကြောင့် ရေခွန်ကြွေးကျန်များကို သေသေချာချာ စိစစ်သင့်ပြီး
ယင်းငွေကြေးများဖြင့် တောင်သူရေရရှိရေးလုပ်ငန်းများတွင် ပြန်လည်ဆောင်ရွက်ရန်
နွားထိုးကြီးမြို့နယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ငြိမ်းသက်နွယ်က
လွှတ်တော်တွင် ဆွေးနွေးတင်ပြခဲ့သည်။
သို့သော် မန္တလေးတိုင်းဒေသကြီးအတွင်းကျန်ရှိနေသော ရေခွန်ကြွေးကျန်များမှာ
သက်ဆိုင်ရာတောင်သူများက မပေးချေသောကြောင့် ကျန်ရှိနေခြင်းမျိုး မဟုတ်ဘဲ ရေခွန်
ကောက်ခံသည့်အဖွဲ့အစည်းများက အစိုးရသို့ ပြန်လည် မပေးသွင်းသောကြောင့် ကျန်ရှိ
နေခြင်းဖြစ်ကာ စုစုပေါင်း ကျပ်ငွေ ရှစ်ဘီလျံ ကျန်ရှိနေခြင်းဖြစ်ကြောင်း ဒေါက်တာစိုးသန်းက
ပြောသည်။
တောင်သူလယ်သမားများအနေဖြင့် ရေခွန်ကို တစ်ဧကအတွက် တစ်နှစ်လျှင် ကျပ် ၁ဝ သာ
ပေးဆောင်ရခြင်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် ရေခွန်၊ မြေခွန်ဆောင်ပြီး လုပ်ကိုင်
ကြခြင်းသာဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ်မှ တောင်သူဦးကျော်ဆန်းဦးက ပြောသည်။
''ကျွန်တော်တို့ဆိုရင် ဟိုအရင် ၂ဝ၁၁ ခုနှစ်လောက်အထိ ရေခွန်ဆောင်ခဲ့တယ်။ ပြေစာ
တွေလည်းရှိသေးတယ်။ ဒါပေမဲ့ အခု နောက်ပိုင်းတော့ မဆောင်ရတော့ပါဘူး။ တစ်ဧက
ကျပ် ၁ဝ နဲ့ သက်ဆိုင်ရာ ထွေအုပ်တွေဆီမှာ ဆောင်ရတာပါ။ ရေခွန် ပြန်ကောက်မယ်
ဆိုရင်လည်း လက်ခံပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရေအတွက် ရေရရှိဖို့ကိုတော့ ဒီထက်
ပိုအဆင်ပြေအောင် ဆောင်ရွက်ပေးစေချင်ပါတယ်။ ခေတ်ပြောင်းလာတဲ့အလျောက်
အခွန်ကတော့ ဆောင်ရပါမယ်။ အဲဒီအခွန်ကို ပြည်သူအတွက် ပြန်လည်အသုံးချပေးစေ
ချင်တာပါ'' ဟု ဦးကျော်ဆန်းဦးက ပြောသည်။
မန္တလေးတိုင်းဒေသကြီးတွင် ယခုနှစ်နွေသီးနှံ စိုက်ပျိုးရေးအတွက် ရေလုံလောက်မှု
ရရှိနိုင်ရန်အတွက် ပြည်ထောင်စုသီးသန့်ရန်ပုံငွေမှ ကျပ် ၄ ဒသမ ၂ ဘီလျံအသုံးပြုခဲ့
ကြောင်း ဒေါက်တာစိုးသန်းက မတ်လအတွင်းက မြန်မာတိုင်း(မ်)ကို ပြောကြားထားသည်။
















