မန္တလေးမြို့ ဧရာဝတီမြစ်ရေ ယခုလ နောက်ဆုံးပတ်ခန့်တွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်

မန္တလေးမြို့ ဧရာဝတီမြစ်ရေ ယခုလ နောက်ဆုံးပတ်ခန့်တွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်

မန္တလေးမြို့၏ ဧရာဝတီမြစ်ရေသည် ယခုလနောက်ဆုံးရက်သတ္တပတ်ခန့်တွင် မြို့၏
စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းကြောင်း ချမ်းအေးသာစံမြို့နယ်၊ ကမ်းနား
လမ်းပေါ်ရှိ ရေကင်းအမှတ်(၁)မှ ရေကင်းမှူးဦးဝင်းသန်းလှိုင်က ပြောသည်။

မြစ်ရေမှာ နှစ်ရက်အတွင်း နှစ်ပေခန့်မြင့်တက်လာရာ စိုးရိမ်ရေအမှတ်နှင့် နှစ်ပေခန့်အကွာ
သို့ရောက်ရှိလာကြောင်း၊ အထက်ပိုင်းတွင် ရေတိုးနေသော အနေအထားအရ ဆက်လက်
မြင့်တက်လာမည်ဖြစ်ကြောင်း ဦးဝင်းသန်းလှိုင်က ယခုလ ၁၁ ရက်တွင် ပြောသည်။

''ဒီနေ့ မန္တလေးမြို့ ဧရာဝတီမြစ်ရေမှတ်က ၁,၁၆၄ စင်တီမီတာ (၂၂၇ ဒသမ ၅၉ ပေ)
ရှိပါတယ်။ ဒါက နှစ်ရက်အတွင်း နှစ်ပေလောက် မြင့်တက်လာတာပါ။ အခုအခြေအနေ
အတိုင်းဆို ဒီလနောက်ဆုံးပတ်မှာ စိုးရိမ်ရေမှတ်ကို ရောက်လာနိုင်ပါတယ်''ဟု
ဦးဝင်းသန်းလှိုင်က ဇူလိုင် ၁၁ ရက်တွင် ပြောသည်။

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အထက်ပိုင်း ဒေသအချို့တို့တွင် မြစ်ရေများစိုးရိမ်ရေမှတ်
အထက် မြင့်တက်နေကြောင်း မိုးဇလက ဇူလိုင် ၁၁ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

မန္တလေးမြို့၏ ဧရာဝတီမြစ် စိုးရိမ်ရေမှတ်မှာ ၁,၂၆ဝ စင်တီမီတာ (၂၃ဝ ဒသမ ရ၄ ပေ)
ဖြစ်ကာ ပြီးခဲ့သောနှစ် ဇူလိုင် ၂၈ ရက်တွင် ၁,၂၄၈ စင်တီမီတာ (၂၃ဝ ဒသမ ၃၅ ပေ) သို့
မြစ်ရေတက်လာခဲ့သည်။ ထို့နောက် သြဂုတ် ၁ ရက်တွင် ၁,၃၂၅ စင်တီမီတာ (၂၃၂ ဒသမ
၈၇ ပေ) သို့ရောက်ရှိခဲ့ကာ စိုးရိမ်ရေမှတ်အထက် နှစ်ပေကျော်သို့ ရောက်ရှိခဲ့သည်။
မြစ်ရေမြင့်တက်မှုကြောင့် ကန်ပတ်လမ်းကိုကျော်လွန်ကာ မန္တလေးအနောက်ဘက်ခြမ်းရှိ
ရပ်ကွက်များအတွင်း ရေဝင်ရောက်မည်ကို စိုးရိမ်ရသဖြင့် စည်ပင်သာယာနှင့်သက်ဆိုင်ရာ
တာဝန်ရှိသူများက ရေဝင်ရောက်နိုင်သော နေရာများကို တမံများပိတ်ကာ စောင့်ကြည့်ခဲ့
ကြရသည်။

ယမန်နှစ်က မြစ်ရေကြီးပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမရပူရမြို့နယ်အတွင်းရှိ
ကျေးရွာများ၊ မန္တလေးနှင့် စစ်ကိုင်းမြို့ကိုဆက်သွယ်ထားသော ဧရာဝတီမြစ်ကူးတံတား
(ရတနာပုံ) အနီးရှိ ရပ်ကွက်များနှင့်ကျေးရွာများတွင် ရေဝင်ရောက်မှုရှိခဲ့ကာ ဦးပိန်တံတား
နှင့် အင်းဝရှေးဟောင်း နယ်မြေတို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေမှာ ပြီးခဲ့သော ၂ဝဝ၄ ခုနှစ်က စိုးရိမ်ရေမှတ် ကျော်လွန်
တည်ရှိခဲ့ရာ၌ အကြာဆုံးရက်အဖြစ် ရက်ပေါင်း ၁၇ ရက် စံချိန်တင်တည်ရှိခဲ့ပြီး ရေမှတ်မှာ
၁,၃၈၂ စင်တီမီတာ (၂၃၄ ဒသမ ရ၄ ပေ) ရှိခဲ့သည်။ ၄င်းမှာ ၁၉၇ဝ ပြည့်နှစ် နောက်ပိုင်း
အမြင့်ဆုံးရေအမှတ် ဖြစ်ခဲ့ပြီး ၂ဝ၁၅ ခုနှစ်ကမူ စက်တင်ဘာ ၁ ရက်တွင် ၁,ဝ၉၂ စင်တီ
မီတာ (၂၂၅ ဒသမ ၂၃ ပေ) သို့ အမြင့်ဆုံးရောက်ရှိခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး