မန္တလေးတိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်စေရန် စီမံကိန်းလုပ်ငန်းပေါင်း ၃ဝ ကို
နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ယခုဘဏ္ဍာနှစ်မှ ၂ဝ၂ဝ-î၂၁ ခုနှစ်
အတွင်း ဖော်ဆောင်မည်ဖြစ်ကြောင်းတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
ထံမှ သိရသည်။
ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း လုပ်ငန်းများကို နည်းလမ်းနှစ်သွယ်ဖြင့် ဆောင်ရွက်သွားမည်
ဖြစ်ကာ ချေးငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ကူညီထောက်ပံ့ငွေဖြင့်
ဆောင်ရွက်မည့် လုပ်ငန်းများဟူ၍ ခွဲခြားဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး ဦးမြတ်သူက ယခုလ ၄ ရက်က ဒုတိယအကြိမ်
မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဖြေကြားခဲ့သည်။
နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၊ ပြစ်သစ်ဖွံ့ဖြိုးရေး
အေဂျင်စီတို့နှင့်ပူးပေါင်းပြီး ချေးငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းပေါင်း ၁၉ ခုနှင့်
ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းပေါင်း ၁၁ ခုတို့ကို ဆောင်ရွက်မည်ဖြစ်သည်။
ချေးငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများတွင် ကဏ္ဍလေးခုပါဝင်နေပြီး လယ်ယာစိုက်ပျိုးရေး၊
လျှပ်စစ်မီးလင်းရေး၊ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး
ကဏ္ဍတို့ဖြစ်ပြီး မြန်မာ့မီးရထားကလုပ်ဆောင်မည့် လုပ်ငန်းခုနစ်ခု ပါဝင်ကာ မီးရထားလမ်း
အဆင့်မြှင့်တင်ခြင်းနှင့် စက်ခေါင်းများ၊ လူစီးတွဲများ၊ ကုန်တင်တွဲများအသစ်ဝယ်ယူခြင်းများ
ဆောင်ရွက်မည်ဖြစ်သည်။
ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ မြို့တော်
စည်ပင်သာယာရေး ကော်မတီက ဆောင်ရွက်မည့် မြို့ပြတိုးတက်ရေး လုပ်ငန်းများနှင့်
ရေဖြန့်ဝေခြင်းလုပ်ငန်းများ ပါဝင်သည်။
တိုင်းအတွင်း ဆောင်ရွက်နေသည့် စီမံကိန်းများနှင့် ပတ်သက်ပြီး မည်သူက ကူညီ
ဆောင်ရွက်မည်၊ မည်သို့ဆောင်ရွက်မည်ကို သိရန် အားနည်းနေသေးကြောင်း ပြည်ကြီး
တံခွန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာချစ်ကိုကိုက
ပြောသည်။
''ရှမ်းကလေးကျွန်း (အမရပူရ မြို့ပြတိုးတက်ရေးစီမံကိန်း) နဲ့ ဧရာဝတီ မြစ်ချောင်းများ
ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှစ်ခုလောက်ပဲ လွှတ်တော်ကို တင်ပြထားတာရှိသေးတယ်။
ကျန်တာ တင်ပြထားတာ မရှိသေးဘူး။ စီမံကိန်းတွေကို လွှတ်တော်ရဲ့သဘောထားရယူ
ရမယ်ဆိုတာ ရှိတယ်။ ဒါပေမဲ့ တင်မပြထားသေးဘူး ''ဟု ဒေါက်တာချစ်ကိုကိုက
ပြောသည်။
စီမံကိန်း ဆောင်ရွက်သူများသည် မိမိပိုင်မြေပေါ်တွင် စီမံကိန်း ဆောင်ရွက်ခြင်းဖြစ်ပြီး
တိုင်းအစိုးရပါဝင်ခြင်းမရှိလျှင် လွှတ်တော်သို့တင်ပြရန် မလိုအပ်ကြောင်း၊ သက်ဆိုင်ရာ
များက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ခွင့်ပြုချက်တင်ပြပြီး တိုင်းဒေသကြီးအစိုးရကို
သဘောထားမှတ်ချက်သာ တောင်းခံခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဒေါက်တာဇော်မြင့်မောင်က လွှတ်တော်တွင် ဖြေကြားထားသည်။
















