ပြင်ဦးလွင် မြေငှားဂရန် ချထားပေးခြင်းများကို တိုင်းအစိုးရအဖွဲ့က တိုက်ရိုက်ကြီးကြပ် ဆောင်ရွက်မည်

ပြင်ဦးလွင် မြေငှားဂရန် ချထားပေးခြင်းများကို တိုင်းအစိုးရအဖွဲ့က တိုက်ရိုက်ကြီးကြပ် ဆောင်ရွက်မည်

ပြင်ဦးလွင်မြို့၊ ဒူးကြားလမ်းမြေနေရာများဂရန်ချထားပေးခဲ့ခြင်းများနှင့် ပတ်သက်၍ 
လက်ရှိတွင် စည်းကမ်း မလိုက်နာမှုများရှိခဲ့ရာ ထပ်မံမဖြစ်ပေါ်စေရန် မြေငှားဂရန်ချထား
ပေးခြင်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုက်ရိုက် ကြီးကြပ်သွားမည်ဖြစ်ကြောင်း 
အစိုးရအဖွဲ့ဝင် မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က ပြောသည်။

မြေဂရန်ချထားပေးခြင်းများကို ယခင်ကခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်
မြို့နယ် လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့က လုပ်ဆောင်ခဲ့ရာချမှတ်ထား
သည့် တည်ဆဲဥပဒေ စည်းမျဉ်း စည်းကမ်းများ တိကျစွာ လိုက်နာစေရေးအတွက်
လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။

''ပြင်ဦးလွင်မြို့ အိမ်နောက်ဖေး ဒူးကြားလမ်း မြေကွက်တွေရဲ့ ဂရန်သက်တမ်းတိုးတာတွေ
အတွက် ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရဲ့ ထောက်ခံချက်တွေ တောင်းခံပြီး
ကွင်းဆင်းစစ်ဆေးတာတွေ လုပ်တယ်။ဒူးကြားနဲ့ မလွတ်တာတွေမှာ နေအိမ်အဆောက်
အအုံ ဆောက်တာတွေအတွက် တားမြစ်စာပေးပို့တယ်။ စည်ပင်သာယာ ဥပဒေပုဒ်မ ၉၁
အရ တရားစွဲဆိုတာတွေ လုပ်တယ်'' ဟု ဒေါက်တာရဲလွင်က ပြောသည်။

ပြင်ဦးလွင်မြို့ အိမ်နောက်ဖေး ဒူးကြားလမ်း မြေလွတ်မြေကွက်များကို အထွေထွေ
အုပ်ချုပ်ရေး ဦးစီးဌာနက ၁၉၉၁ ခုနှစ်ခန့်၌မြေငှားဂရန်များ ချထားပေးခဲ့ရာ မြေကွက်ပေါင်း
၁၃၅ ကွက်ရှိပြီး ဒူးကြားလမ်းဧရိယာ၏ ၈ဝ ရာခိုင်နှုန်းခန့် ရှိသည်။ ဒူးကြားလမ်းမြေပေါ်
တွင် မိလ္လာကန်တည်ဆောက်ခြင်း၊ ရေဆိုးထုတ်မြောင်း အသုံးပြုခြင်း၊ အချို့မှာအဆောက်
အအုံအဖီဆွယ်ခြင်း၊ ဝင်းခြံ အုတ်တံတိုင်းကာရံခြင်းများကို ခေတ်အဆက်ဆက်လုပ်
ဆောင်ခဲ့ကြကြောင်း ပြင်ဦးလွင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးအောင်မင်းက ဆိုသည်။

''၁၉၉၁ ခုနှစ်တုန်းက မှားယွင်းတဲ့ စီမံချက်တွေနဲ့ အိမ်နောက်ဖေး ဒူးကြားလမ်းတွေမှာ
ဂရန်တွေချထားပေးခဲ့တယ်။ ၁၉၉၅ ခုနှစ်လောက်မှာ ပြဿနာတွေဖြစ်လာတော့ ချထား
ပေးတာကို ရပ်ခဲ့တယ်။ အခုနောက်ပိုင်းမှာ နောက်ဆက်တွဲဖြစ်လာတဲ့ ပြဿနာတွေ၊
စည်းကမ်းဥပဒေလိုက်နာမှုမရှိ၊ တရားဥပဒေစိုးမိုးမှု အားနည်းလာပြီး မလိုလားအပ်တာတွေ
ထပ်ဖြစ်လာနေလို့ ဒေသန္တရ စည်းမျဉ်းဥပဒေတစ်ရပ် သတ်မှတ်ပေးဖို့ တိုင်းလွှတ်တော်မှာ
မေးခွန်းမေးပြီး လုပ်ဆောင်ရတဲ့အထိ ဖြစ်လာတယ်'' ဟု ဦးအောင်မင်းက
မြန်မာတိုင်း(မ်)ကို ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး