လူနေထိုင်မှုပုံစံတွေ အများကြီးပြောင်းလဲလာတဲ့ မြန်မာ့လူမှုအဖွဲ့အစည်းထဲမှာ စိတ်ကျန်းမာရေးပြဿ နာ
ကြံုတွေ့ရလို့ ကုသမှုခံယူရသူတွေ တစ်နှစ်ထက်တစ်နှစ် များလာတယ်ဆိုတာကို စိတ်ကျန်းမာရေး
ဆေးရုံက မှတ်တမ်းအချက်အလက်တွေက ပြသနေပါတယ်။
စိတ်ကျန်းမာရေးပြဿ နာရင်ဆိုင်နေရသူတွေရဲ့ကိန်းဂဏန်းတွေ ဒီလိုတက်လာတာကို ယေဘုယျ
အားဖြင့် အနုတ်လက္ခဏာတစ်ရပ်အဖြစ် မြင်နိုင်ပေမဲ့ တစ်ဖက်ကကြည့်ရင် စိတ်ကျန်းမာရေးအတွက်
ဆေးရုံမှာ စနစ်တကျကုသမှု ပိုခံယူလာကြတယ်ဆိုတဲ့ အပေါင်းလက္ခဏာအဖြစ်လည်း မြင်နိုင်ပါတယ်။
ဘာကြောင့်လဲဆို စိတ်ရောဂါနဲ့ သက်ဆိုင်ပြီဆိုရင် လူတွေက ဖွင့်ပြောရမှာ၊ လူသိသူသိဖြစ်မှာ
ရှက်တတ်ကြောက်တတ်ကြပြီး သိုသိုသိပ်သိပ် နေတတ်ကြလို့ပါ။
စိတ်ကျန်းမာရေးဆိုတာက ဘာပါလဲ၊ လူတစ်ယောက်ဟာ ဘယ်လိုစိတ်ခံစားချက် အခြေအနေတွေကြုံ
လာရပြီ ဆိုရင် မိမိရဲ့စိတ်ကျန်းမာရေးကို စတင် ဂရုပြုသင့်နေပြီလဲ၊ ဘယ်လိုအခြေအနေဆိုရင်
ရောဂါအနုအရင့်လဲ၊ ဘယ်လိုအခြေအနေဆိုရင် တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ ပြသသင့်ပြီလဲ
ဆိုတာတွေက စိတ်ဝင်စားဖို့ ကောင်းပါတယ်။
မန္တလေး စိတ်ကျန်းမာရေးဆေးရုံကြီးက ပါမောက္ခဒေါက်တာစန္ဒာကတော့ သိသာထင်ရှားတဲ့
စိတ်ရောဂါ မရှိရုံနဲ့ လူတစ်ယောက်ဟာ စိတ်ကျန်းမာတယ်လို့ ပြောလို့မရဘူးလို့ ဆိုပါတယ်။
''စိတ်ကျန်းမာရေးဆိုတာကို လွယ်လွယ်ပြောပြရရင် လူတစ်ယောက်ဟာ သူ့ကိုယ်သူလည်း
စောင့်ရှောက်နိုင်ရမယ်။ ပတ်ဝန်းကျင်ကိုလည်း အနှောင့်အယှက် မဖြစ်ရဘူး။ ကြံုတွေ့ရတဲ့
လောကဓံတွေကို ခံနိုင်ရည်ရှိရမယ်။ လက်ရှိအခြေအနေကို မှန်မှန်ကန်ကန်သုံးသပ်ပြီး
အပြုသဘောဆောင်တဲ့နည်းတွေနဲ့ တုံ့ပြန်ဖြေရှင်းနိုင်ရမယ်။ ဘယ်လိုပြန်ဖြေရှင်းမလဲဆိုတာ
သိရမယ်။ ကိုယ့်တာဝန်ကို ကျေနိုင်၊ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်နိုင်ပြီး အပြုသဘောဆောင်
လုပ်ဆောင်နိုင်ရပါမယ်''လို့ ဒေါက်တာစန္ဒာက ပြောပါတယ်။
တွဲဖက်ပါမောက္ခ ဒေါက်တာနွယ်နီက လူတစ်ယောက်ဟာ ပုံမှန်လုပ်နေကျအရာတွေကို မလုပ်နိုင်
တော့တာ၊ အအိပ်အစားတွေ ပုံစံပြောင်းလာတာ၊ အပြုအမူနဲ့ အတွေးအခေါ်တွေ ပြောင်းလဲလာတာ၊
လုပ်နေကျ လုပ်ငန်းဆောင်တာတွေနဲ့ အလေ့အထတွေပြောင်းလဲလာပြီး ခံစားမှုတွေ ပြင်းထန်လာပြီ
ဆိုရင် စိတ်ကျန်းမာရေးအတွက် ပြသသင့်ပြီလို့ ပြောပါတယ်။
''စိတ်ရောဂါအပြင်းအထန်ဖြစ်မှ ကုသသင့်တာ မဟုတ်ပါဘူး။ သာမန်ထက်ပိုတဲ့ ဝမ်းနည်းမှုနဲ့
စိတ်ဖိစီးမှုတွေ ရှိနေပြီဆိုရင် နားလည်တတ်ကျွမ်းသူတွေနဲ့ ဆွေးနွေးသင့်ပါတယ်။ စိတ်ရောဂါမှာ
နုသည်ဖြစ်စေ၊ ကြမ်းသည် ဖြစ်စေ ကုသမှုခံယူသင့်ပါတယ်။ နုတယ်ဆိုပြီး ဂရုမစိုက်မိတာတွေ
ရှိတယ်။ ဒီအခါ လူတောမတိုးတာမျိုး လူရာမဝင်တာမျိုးဖြစ်ပြီးလုပ်နိုင် ကိုင်နိုင်အားကျပြီး လူနေမှု
အဆင့် နိမ့်သွားနိုင်တာကြောင့် စောစောကုသမှု ခံယူသင့်ပါတယ်''လို့ ဒေါက်တာနွယ်နီက ပြောပါတယ်။
မျက်မှောက်ခေတ်ဟာ ပြောင်းလဲမှုမြန်ဆန်ပြီး အပြိုင်အဆိုင်လည်း များလာပါတယ်။ သတင်းစီးဆင်းမှုက
မြန်ဆန်ပြီး အချိန်ကုန်စရာကိစ္စတွေကလည်း များလာပါတယ်။ လူနေထိုင်မှုပုံစံတွေလည်း
ပြောင်းလဲလာပါတယ်။
''ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ တော်တော်ကြိုးစားကြရတယ်။ ဒါကြောင့် စိတ်ကျန်းမာရေးပြဿ နာတွေ
ဖြစ်ဖို့အခွင့်အလမ်း များလာပါတယ်။ နဂိုက တည်ငြိမ်မှုမရှိတဲ့သူ၊ ကိုယ်ရည်ကိုယ်သွေး မကောင်းတဲ့
သူဆိုရင် မလွယ်ပါဘူး''လို့ ဒေါက်တာစန္ဒာက ပြောပါတယ်။
မန္တလေးစိတ်ကျန်းမာရေးဆေးရုံကြီးမှာအရက်နဲ့ ဆက်စပ်ပြီး ဖြစ်တာတွေလည်း လာရောက်ကုသကြသလို
စိတ်ကြွဆေးနဲ့ ပတ်သက်ပြီးလည်း ရောက်လာတဲ့ ကုသမှုခံယူသူတွေရှိကြပါတယ်။ အရက်ဆိုရင်လည်း
အရင်တုန်းကအရက်ကို ကောက်ညှင်း၊ ဆန် စတာတွေနဲ့ချက်ကြတာများပေမဲ့ အခုခေတ်မှာတော့
မြန်မြန်သွက်သွက် ထုတ်နိုင်အောင် အဆီတွေ၊ ဓာတုဆေးတွေ ရောထည့်ပြီး စျေးကွက်ထဲကို
သွက်သွက်ရောက်လာကြလို့ အရက်ကြောင့် ခန္ဓာကိုယ်နဲ့ ဦးနှောက်ကိုထိပြီး ရောက်လာကြသူတွေ
များစွာ ရှိကြောင်း ဒေါက်တာစန္ဒာက ပြောပါတယ်။
''အရက်ကြောင့် မှတ်ဉာဏ်နည်း၊ စိတ်ဖောက်၊ စိတ်ကျတာတွေဖြစ်တယ်။ စိတ်ကြွဆေးကလည်း
ဦးနှောက်ကိုထိတယ်'' လို့ ဒေါက်တာစန္ဒာက ပြောပါတယ်။
မန္တလေးစိတ်ကျန်းမာရေးဆေးရုံကြီးကို၂ဝ၁ဝ ပြည့်နှစ်က စဖွင့်ခဲ့တာမှာ အတွင်းလူနာ၁,၁၉၅ ဦး၊
ပြင်ပလူနာ ၅,၉၈၈ ဦး တက်ရောက်ကုသခဲ့ကာ၊ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်မှာတော့ အတွင်းလူနာ
၃,၉၂၂ ဦး၊ ပြင်ပလူနာ ၂၁,၉၉၅ဦးရှိခဲ့ပါတယ်။ စိတ်ကျန်းမာရေးဆေးရုံကမြစ်ငယ် ထုံးဘိုဖြတ်လမ်းပေါ်၊
အမရပူရမြို့နယ်ထဲမှာ ရှိပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်မတိုင်မီက စိတ်ကျန်းမာရေးကုသမှုအတွက်
မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဌာနတစ်ခုအနေနဲ့ လုပ်ဆောင်ပေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိအခြေအနေအရ စိတ်ကျန်းမာရေးဗဟုသုတ နည်းနေသေးတာကို တွေ့ရကြောင်း၊
ဖြစ်နေတဲ့ လူနာနဲ့ ယှဉ်လိုက်ရင် ကုသမှုခံယူနှုန်းက နည်းနေတာကို တွေ့ရကြောင်း ဒေါက်တာစန္ဒာက
ပြောပါတယ်။
''စိတ်ရောဂါက စောစောကုသမှုခံယူတယ်၊ ဆရာဝန်တွေ ညွှန်ကြားတဲ့အတိုင်း သေသေချာချာလိုက်နာ
တယ် ဆိုရင် တော်တော်လေးပြန်ကောင်းပါတယ်။ တချို့ဆို ဆေးစားဆေးသောက်ရင်း လူကောင်း
ပကတိအတိုင်း အလုပ်လုပ်နိုင်ကြတယ်။ စိတ်ကျန်းမာရေးပြဿ နာအများစုက ကုရင်ပျောက်တယ်။
အခြေအနေဆိုးလာမှ ဆိုရင်တော့ တခြားရောဂါတွေလိုပဲ မပျောက်နိုင်ဘူး။ ဒါကြောင့် စောစော
ကုသမှုခံယူသင့်တယ်''လို့ ဒေါက်တာနွယ်နီက ပြောပါတယ်။
ဆေးရုံတက်ရတဲ့အတွက် ကုန်ကျစရိတ်မများပဲ သွားလာစရိတ်နဲ့ စားစရိတ်သာ ထူးထူးခြားခြားကုန်ကျဖို့
ရှိတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ဆေးတွေကလည်း ကောင်းသလို ကုထုံးက ဆေးတင်မဟုတ်ပဲ
တရားထိုင်တာ၊ လူနာနဲ့ ဆွေးနွေးစကားပြောတာ စတာတွေလည်း ရှိနေပါတယ်။
''ဒီနိုင်ငံမှာက တရားစခန်းသွားတာတွေ၊ အသက်အရွယ်ရလာရင် ဘုရားသွား ဥပုသ်ကျောင်းတက်တာတွေ၊
မိသားစုအတူရှိနေကြတာတွေက စိတ်ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်''လို့ ဒေါက်တာ
စန္ဒာက ပြောပါတယ်။
ဒါပေမဲ့ တစ်ဖက်မှာ စိတ်ရောဂါဆိုရင် ရှက်စရာကြောက်စရာလို့ထင်ကြတာ၊ အရူးမျိုးဆိုပြီးလှောင်ပြောင်
ချင်ကြတာ၊ ခွဲခြားဆက်ဆံခံရတာမျိုးလည်း ရှိနေပါတယ်။ ဒီလိုအခြေအနေမှာ ပယောဂကု အကုခံရပြီး
အညိုအမည်းစွဲအောင် အရိုက်ခံရပြီးမှ ဆေးရုံကိုရောက်လာတာ၊ ဗေဒင်ဆရာက မှာလိုက်လို့ ဆေးရုံက
ပြန်ဆင်းလိုက်ဦးမယ်ဆိုတာတွေလည်း ရှိပါသေးတယ်။
''ပယောဂဆိုပြီး သာမန်ရေမန်းတိုက်လိုက်ရုံဆို တော်သေးတယ် ပြောရမှာ။ တချို့ကလည်း ပယောဂ
ဆရာက ဆေးရုံတက်ဆိုပြီး လွှဲပေးလိုက်မှစိတ်ရှင်းသွားပြီး ဝမ်းသာအားရ ရောက်လာကြသူတွေလည်း
ရှိတယ်''လို့ ဒေါက်တာနွယ်နီက ပြောပါတယ်။
ဒါတွေကြောင့် စိတ်ကျန်းမာရေးပြဿ နာရှိသူတွေအတွက် စောင့်ရှောက်သူတွေနဲ့ ပတ်ဝန်းကျင်ကလည်း
အရေးကြီးလှပါတယ်။ ဒါ့ပြင် စိတ်ကျန်းမာရေးဆိုင်ရာ အထူးကုဆရာဝန်၊ စိတ်ကျန်းမာရေးဆိုင်ရာ
သူနာပြုနဲ့ ဆရာဝန်တွေကလည်း နည်းပါးနေဆဲဖြစ်ပါတယ်။
''စိတ်ရောဂါကို ပြည်သူတွေအနေနဲ့ အရင်ကထက်စာရင် တော်တော် ကုသလာကြပြီ။ အခုဆို နှစ်ဆ၊
သုံးဆ များလာပြီ။ ဒါပေမဲ့(စိတ်ကျန်းမာရေးကဏ္ဍအတွက်) လုပ်စရာတွေ၊ လုပ်သင့်တာတွေ အများကြီး
ကျန်ပါသေးတယ်။စိတ်ကျန်းမာရေးပြဿ နာတိုင်းက ကုသရင်ပျောက်ပါတယ်။ မှန်မှန်ကန်ကန် ကုသမယ်
ဆိုရင် လူကောင်းပကတိအတိုင်း အလုပ်လုပ်နိုင်တဲ့အထိ ကောင်းသွားနိုင်တယ်'' လို့ ဒေါက်တာစန္ဒာက
ပြောပါတယ်။
















