မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ မင်းစုံတောင် တောရိုင်းတိရစ္ဆာန်
ဘေးမဲ့တောတွင် ကမ္ဘာ့ရှားပါးမျိုးစိတ်ဝင် ကြယ်လိပ်များ အကောင်ရေ ၂,ဝဝဝကျော် ရှိလာပြီဖြစ်ကြောင်း
မင်းစုံတောင်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှ အုပ်ချုပ်ရေးမှူး ဒေါ်လေးလေးခိုင်က ယခုလ ၅ ရက်က
ပြောသည်။
''ကြယ်လိပ်တွေက မြန်မာ့နိုင်ငံမှာ အပူပိုင်း ခြောက်သွေ့တဲ့ဒေသတွေမှာပဲ နေထိုင်ကျက်စားတာပါ။
အထူးသဖြင့် စစ်ကိုင်း၊မကွေးနဲ့ မန္တလေးတိုင်းထဲမှာပဲ ရှိတာပါ။ ဒီမှာတော့ တဖြည်းဖြည်းနဲ့
အကောင်ရေ တိုးလာပါပြီ''ဟု ၄င်းက ပြောသည်။
မင်းစုံတောင် ဘေးမဲ့တောထဲတွင် သဘာဝအတိုင်း လွှတ်ထားသည့် အကောင်ရေ ရ၅ဝကျော်နှင့်
ခြံလှောင်၍ မွေးမြူထားသည့်အကောင်အရေ ၂,ဝဝဝ ခန့်ရှိကြောင်း ဒေါ်လေးလေးခိုင်က ပြောသည်။
''သဘာဝအတိုင်း လွှတ်ထားတာတွေကတော့ ၂ဝ၁၇ ခုနှစ်အထိ ရ၅ဝ ကျော် ရှိပါပြီ။သဘာဝအတိုင်း
တောထဲမလွှတ်ခင် တောထဲမှာ ဧက ၂ ဒသမ ၅ ကျယ်ဝန်းတဲ့ ခြံခတ်ထားတဲ့အထဲမှာ ခြောက်လ၊
ရှစ်လ၊ တစ်နှစ်အထိ သူ့ဘာသာ ရှာဖွေ စားသောက်နိုင်အောင် လွှတ်ထားပါတယ်။ ပြီးမှ တောထဲကို
သဘာဝအတိုင်းလွှတ်ပါတယ်''ဟု ၄င်းက ပြောသည်။
တောထဲသို့ သဘာဝအတိုင်း လွှတ်သည့်အခါ လိပ်များကို နံပါတ်ရေးသားခြင်း၊ Transmitter
စက်တပ်ခြင်း၊ မိုက်ကရိုဖုန်းထည့်သွင်းခြင်း၊ တက်တူးများ ရေးထိုးပြီးမှ လွှတ်ပေးကြောင်း၊
အသက်အားဖြင့် သုံးနှစ်မှ ငါးနှစ်အတွင်းရှိ အကောင်များကို လွှတ်ပေးလေ့ရှိကြောင်း ဒေါ်လေးလေးခိုင်က
ပြောသည်။
''လွှတ်တဲ့အခါမှာလည်း ကြံ့ခိုင်သန်မာတဲ့အကောင်တွေကို လွှတ်ပေးတာပါ။ အကောင်းဆုံးကတော့
အရွယ်ရောက်တဲ့ ခြောက်နှစ်မှလွှတ်ရင်တော့ အကောင်းဆုံးပါပဲ။ ကြယ်လိပ်တွေက မေ၊ ဇွန်လတွေမှာ
သားပေါက်ပါတယ်'' ဟု ၄င်းက ပြောသည်။
မင်းစုံတောင် ဘေးမဲ့တောတွင် ကြယ်လိပ်များကို ကင်းလှည့်ထိန်းသိမ်းခြင်း၊ ကြယ်လိပ်မွေးမြူထိန်း
သိမ်းခြင်း၊ ပညာပေးလုပ်ငန်းများလုပ်ဆောင်ခြင်းနှင့် မီးကာကွယ်ရေးလုပ်ငန်းများကို အထူးလုပ်ဆောင်
ကြောင်း၊ အကျယ်အဝန်းအားဖြင့် ၅,၅၇၅ ဧက (၈ဒသမရစတုရန်းမိုင်) ရှိသည့် မင်းစုံတောင်ဘေးမဲ့တော
ကို ၂ဝဝဝ ပြည့်နှစ်တွင် စတင် တည်ထောင်ခဲ့ပြီးကြယ်လိပ်အကောင်ရေ ၁ဝ ကောင်ဖြင့် စတင်ခဲ့ကြောင်း
ဒေါ်လေးလေးခိုင်က ပြောသည်။
''အခုဆိုရင် အကောင်ရေ တိုးလာသလိုပိုပြီး ဂရုစိုက်ရပါတယ်။ ၂ဝ၁၅ ခုနှစ်အတွင်းကသဘာဝအတိုင်း
မလွှတ်ခင် တောက ခြံခတ်ထားတဲ့အထဲက ကြယ်လိပ်အကောင်ရေ ၁၈၈ကောင် ပျောက်ဆုံးခဲ့ရပါတယ်။
ကင်းလှည့်တာကိုလည်း တစ်နေ့ လေးကြိမ် လှည့်ပါတယ်။ပညာပေးလုပ်ငန်းအနေနဲ့ တစ်နှစ်ကို ၁၂
ကြိမ်ပြုလုပ်ပါတယ်''ဟု ၄င်းက ပြောသည်။
ကြယ်လိပ်များကို မကွေးတိုင်းဒေသကြီးအတွင်းရှိ ရွှေစက်တော်ဘေးမဲ့တော၊ မန္တလေးတိုင်းဒေသကြီး
အတွင်း ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ လောကနန္ဒာဘေးမဲ့တောနှင့် နွားထိုးကြီးမြို့နယ်ရှိ
မင်းစုံတောင် ဘေးမဲ့တောတွင် ထိန်းသိမ်းမွေးမြူထားကြောင်း၊ကြယ်လိပ်များသည် မြန်မာနိုင်ငံ၌သာ
ရှိပြီး ကမ္ဘာ့ရှားပါး မျိုးစိတ်ဖြစ်ကြောင်း၊ သက်တမ်းအားဖြင့် အသက် ၁၂ဝ အထိ နေထိုင်နိုင်ကြောင်း
၄င်းက ပြောသည်။
















