စီးပွားရေးနှင့် အလုပ်အကိုင်ပြပွဲကြီးကို ဇူလိုင်၁၅ ရက်နှင့် ၁၆ ရက်တွင် မန္တလေးမြို့တော်ခန်းမတွင်
ပြုလုပ်မည်ဖြစ်ကြောင်း ထီးလှိုင်ရှင်စီးပွားရေးလုပ်ငန်းနှင့် အလုပ်အကိုင် ရှာဖွေရေးမှ မန်နေးဂျင်း
ဒါရိုက်တာ ကိုဝမ်းထက်အောင်က ယခုလ ရ ရက်က ပြောသည်။
''အလုပ်အကိုင်အတွက် အခမဲ့ လာရောက်လျှောက်ထားလို့ ရပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ
ပြည့်စုံအောင်တော့ ယူလာရမှာပါ''ဟု ၄င်းက ပြောသည်။
စီးပွားရေးနှင့် အလုပ်အကိုင်ပြပွဲတွင် ကုမ္ပဏီပေါင်း ၃ဝ ကျော် လာရောက်ပြသပြီး အလုပ်အကိုင်
အခွင့်အလမ်းများရရှိအောင် ဖန်တီးပေးသွားမည်ဖြစ်ကြောင်း၊ ကိုဝမ်းထက်အောင်က ပြောသည်။
''အလုပ်အကိုင်အနေနဲ့ မန်နေဂျာကနေအထွေထွေဝန်ထမ်းအထိ ရအောင် ပြုလုပ်ပေးမှာပါ''ဟု ၄င်းက
ပြောသည်။
စီးပွားရေးနှင့် အလုပ်အကိုင်ပြပွဲများ ပြုလုပ်ပေးခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ စျေးကွက်ချဲ့ထွင်နိုင်ခြင်း၊
လုပ်ငန်းရှင်များနှင့်အလုပ်အကိုင်ရှာဖွေနေသူများ တွေ့ဆုံနိုင်ခြင်း၊ အလုပ်အကိုင်များ ရရှိနိုင်ခြင်း
အကျိုးကျေးဇူးများရရှိနိုင်ကြောင်း ကိုဝမ်းထက်အောင်က ပြောသည်။
စီးပွားရေးနှင့် အလုပ်အကိုင်ပြပွဲကြီးနှင့်အတူ ကုမ္ပဏီတည်ထောင်ခြင်း၊ သက်တမ်းတိုးခြင်း၊
ထုတ်ကုန်၊ သွင်းကုန်လုပ်ငန်း မှတ်ပုံတင်ခြင်း၊ ဟိုတယ်နှင့် ခရီးသွားလှည့်လည်ရေး လိုင်စင်
မှတ်ပုံတင်ခြင်း၊ ကုန်သည်ကြီးများအသင်းဝင်ခြင်း၊ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ပေးခြင်း၊ ကုန်
အမှတ်တံဆိပ်၊ လုပ်ငန်းတံဆိပ်၊ စာချုပ်စာတမ်းမှတ်ပုံတင်ခြင်း၊ အလုပ်အကိုင်နှင့် ဝန်ထမ်းရေးရာ
ဝန်ဆောင်မှုများကိုလည်းလုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း ၄င်းက ပြောသည်။















