အခွန်တံဆိပ်ခေါင်းမကပ်သည့် ရွှေဆိုင်များကို အရေးယူမည့် ဒဏ်ကြေးကို တိုးမြှင့်သွားရန်ရှိကြောင်း
မန္တလေးတိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန တာဝန်ရှိသူတစ်ဦးက လွန်ခဲ့သော
ရက်သတ္တပတ်က ပြောသည်။
''ပညာပေးကာလ ပြီးသွားပြီ။ အရေးယူမှုက ဇူလိုင် ၃ ရက်က စတယ်။ ရွှေဆိုင်ကတော့ စားသောက်
ဆိုင်လို လုပ်လို့မရဘူး။ အသွင်ယူဖမ်းဖို့မလွယ်ဘူး။ အဲဒီတော့ ဆိုင်ပတ်ဝန်းကျင်မှာ သူတို့ရဲ့
ရောင်းအားတွေကို လေ့လာရုံလောက်ပဲ ရှိတယ်။ ကင်းအဖွဲ့နဲ့ ကွင်းဆင်းစစ်တာတော့ရှိတယ်''ဟု
၄င်းက ပြောသည်။
လောလောဆယ်တွင် အခွန်တံဆိပ်ခေါင်းမကပ်သည့် ရွှေဆိုင်များကို ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ
ပုဒ်မ ၂၁ (စ) အရ စားသောက်ဆိုင်များကို အရေးယူသည့် ပုံစံအတိုင်း ပထမအကြိမ် ပျက်ကွက်လျှင်
ဒဏ်ငွေ ကျပ်နှစ်သိန်း၊ဒုတိယအကြိမ် ကျပ် ငါးသိန်း၊ တတိယအကြိမ်ကျပ် ခုနစ်သိန်း၊ တတိယအကြိမ်
အထက်တွင်ကျပ် ၁ဝ သိန်း ဒဏ်ငွေရိုက်မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
''ရွှေဆိုင်ကြတော့ စားသောက်ဆိုင် ဒဏ်ကြေးလောက်နဲ့ မရဘူး။ နှစ်သိန်းဆိုတဲ့ ဒဏ်ကြေးက
ခံနိုင်တဲ့ဟာ ဖြစ်နေတယ်။ ဒါကြောင့်ထပ်ပြီး ဖြည့်စွက်ဖို့ရှိတယ်။ရွှေဆိုင်ကို ဖြည့်စွက်လိုက်ရင်
စားသောက်ဆိုင် ဒဏ်ကြေးလည်း ပြောင်းသွားနိုင်တယ်။ ဒါပေမဲ့ ဥပဒေမထွက်သေးတဲ့အတွက်
ပြောလို့မရသေးဘူး။ ဥပဒေပြင်မယ်ဆိုတာကတော့ သေချာတယ်''ဟု ၄င်းက ပြောသည်။
ရွှေအခွန်စနစ်တွင် ရွှေထည်ပစ္စည်းတန်ဖိုး၏ တစ်ရာခိုင်နှုန်းကို အခွန်ဆောင်ရမည်ဖြစ်ပြီး
ကျောက်မျက်ပါပါက အဆိုပါ ကျောက်တန်ဖိုး၏ ငါးရာခိုင်နှုန်းကို ဝယ်ယူသူကို ကောက်ခံမည်
ဖြစ်သည်။
''ရွှေလုပ်ငန်းရှင်အတော်များများက တစ်ရာခိုင်နှုန်းကို ဥပဒေအတိုင်း ကောက်ပေးကြပါတယ်။
ဘောက်ချာကိုင်ပြီးပြဿနာရှာရင် ကိုယ်ကပဲ ရှင်းပေးကြရမှာလေ။ ဒါပေမဲ့ ရွှေကို များများဝယ်တဲ့သူ
အတွက်တော့ အခွန်ကို လျှော့ပေးစေချင်ပါတယ်။ ဥပမာ တစ်ကျပ်သားဆို အခွန်ကတစ်ရာခိုင်နှုန်း
ဖြစ်ပေမဲ့ တစ်ပိဿာဆိုအခွန်က သုည ဒသမ ၂၅ ရာခိုင်နှုန်းလိုမျိုးလုပ်ရင် အခွန်ပိုဆောင်ချင်လာကြ
မယ်။ (ရွှေဝယ်ပမာဏ) များတဲ့သူကို အခွန်ဆောင်ချင်လာအောင် ကောက်စေချင်ပါတယ်။ ဒါက
ကျွန်တော်တို့ ဆိုင်တွေအတွက် ပြောတာမဟုတ်ပဲ ဝယ်သူဘက်ကစဉ်းစားပြီး ပြောပြတာပါ။
ဒီမှာက အခွန်စနစ်ကို မယဉ်ပါးသေးပါဘူး။ ယဉ်ပါးသွားပြီဆိုမှ တဖြည်းဖြည်း တိုးသွားသင့်ပါတယ်။
ဒီအချက်ကို အခွန်ဌာနက တာဝန်ရှိတဲ့သူ တွေနဲ့ တွေ့တဲ့အခါတွေမှာလည်း ကျွန်တော်ပြောပြ
ဖြစ်ပါတယ်''ဟု အောင်သမာဓိရွှေဆိုင်မှ ဦးအောင်က ယခုလ ၃ ရက်က တယ်လီဖုန်းဖြင့်
မေးမြန်းရာတွင် ပြောသည်။
ပြည်တွင်းရွှေစျေးမှာ ဇွန်လနောက်ဆုံးပတ်အထိ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၉၁ဝ,ဝဝဝ
ဝန်းကျင်တွင် အချိန်အတန်ကြာ ရပ်တည်ခဲ့သော်လည်း ဇူလိုင်လပထမပတ်တွင် ကျပ်
ကိုးသိန်းအောက် ပြန်ရောက်ခဲ့ရာ ဇူလိုင် ၁၁ ရက်တွင် ရန်ကုန်စျေးကွက်တွင် ကျပ် ၈၈၈,ဝဝဝ နှင့်
မန္တလေးစျေးကွက်တွင် ကျပ် ၈၈၇,၅ဝဝ ပေါက်စျေးရှိခဲ့သည်။
















