လက်ရှိ တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများကိုမူရင်းရောင်းစျေး၏ ငါးရာခိုင်နှုန်း လျှော့ပေး
မည့်အပြင်ဝယ်ယူသူများအတွက် ဘဏ်များနှင့် ချိတ်ဆက်ကာနှစ်ရှည် အရစ်ကျစနစ်များ၊ နှစ်နှစ်
အရစ်ကျ အတိုးမဲ့ငွေချေစနစ်များဖြင့် ပေးချေဝယ်ယူနိုင်မည့် Garden CityApartment Complex ကို
စတင် အကောင်အထည်ဖော်နေကြောင်း အဆိုပါ စီမံကိန်းဒါရိုက်တာ ဦးဇင်မင်းဆွေက ပြောသည်။
မြေအကျယ် ၅ ဒသမ ၅၃၃ ဧကပေါ်တွင် ကျပ် ၃၉ဘီလျံ ရင်းနှီးမတည်သွားမည့် အဆိုပါစီမံကိန်းကို
နယူးစတားလိုက် ဆောက်လုပ်ရေးကုမ္ပဏီ၏ ကုမ္ပဏီတစ်ခုဖြစ်သော Mandalay Garden City
ဆောက်လုပ်ရေးကုမ္ပဏီမှ လာမည့် နှစ်နှစ်အတွင်း အပြီးသတ် တည်ဆောက်သွားမည်ဖြစ်ကြောင်း
ဦးဇင်မင်းဆွေက ပြောသည်။
''လာမယ့် ဇူလိုင် ၁၆ ရက်မှာ ပန္နက်တင်ပြီး ၂ဝ၁၉ခုနှစ်၊ ဇူလိုင်မှာ အပြီးတည်ဆောက်သွားပါမယ်။
မန္တလေးမှာ အစိုးရက အကောင်အထည်ဖော်ပေးတဲ့ တန်ဖိုးနည်းအိမ်ရာတွေရှိတယ်။ တစ်ဖက်မှာ
တန်ဖိုးမြင့်တဲ့ အိမ်ရာတွေရှိတယ်။ ဒီနှစ်ခုကြားထဲမှာ လိုအပ်ချက်ဖြစ်နေတဲ့ စျေးနှုန်းသင့်တင့်တဲ့
အလယ်အလတ်တန်းစား အိမ်ရာတွေကို ခေတ်နဲ့အညီ နေထိုင်မှုပုံစံအသစ်တစ်ခုကို ဖော်ဆောင်ပြီး
မြို့ရဲ့ဂုဏ်ကို တစ်ဖက်တစ်လမ်းက မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ အကောင်အထည်ဖော်တာပါ။
ဒီအိမ်ရာမှာ Facility Management Team ထားရှိပြီး အိမ်ရာလိုအပ်ချက်တွေကို အမြဲပြုပြင်
ထိန်းသိမ်းသွားမှာကြောင့် မိသားစုအတွက် နွေးထွေးလုံခြံုတဲ့ ပတ်ဝန်းကျင်ကောင်း ရရှိစေမှာဖြစ်
ပါတယ်'' ဟု ဦးဇင်မင်းဆွေက ယခုလ ၁၁ ရက်တွင် ပြောသည်။
စီမံကိန်းမှာ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်အဝိုင်းအနီး၊ မန္တလေးမြို့အဝင်
၇၄ လမ်း ခြောက်လမ်းသွားလမ်းမကြီးအနီး၊ မန္တလေးစက်မှုထုတ်ကုန် ကုန်သွယ်ရေးစင်တာ
စီမံကိန်းအတွင်းတည်ရှိကာ မြေအောက်ထပ်အပါအဝင် ကိုးထပ်ပါ အဆောက်အအုံ ၁၅ လုံး
တည်ဆောက်သွားမည်ဖြစ်သည်။ အခန်းအရေအတွက်ပေါင်း၆၉ဝ၊ ဓာတ်လှေကား ၄၅ စင်း ပါရှိကာ
အိပ်ခန်းနှစ်ခန်းပါ ၆ဝ၅ စတုရန်းပေရှိ အခန်းပေါင်း ၄၂ဝ၊ အိပ်ခန်းသုံးခန်းပါ ၉၂၅ စတုရန်းပေရှိ
အခန်းပေါင်း ၂၄ဝ၊ အိပ်ခန်းသုံးခန်းပါ ၁,၂၁ဝ စတုရန်းပေရှိ Pent House အခန်းပေါင်း
၃ဝပါဝင်မည်ဖြစ်ပြီး ကလေးကစားကွင်းနှင့် ပန်းခြံ၊ အားကစားခန်းမ၊ စီးတီးမတ်အပါအဝင်
စတိုးဆိုင်များ၊ စားသောက်ဆိုင်တန်းနှင့် အခြား အခြေခံအဆောက်အအုံများ ပါဝင်မည်ဖြစ်ကြောင်း
ဦးဇင်မင်းဆွေက ပြောသည်။
မြေညီထပ်ခန်းများကို ရောင်းချမည်မဟုတ်ပဲ အိမ်ရာတွင် နေထိုင်သူများကို ဦးစားပေးပြီး
သင်တန်းများ၊ ဆံပင်ညှပ်ဆိုင်၊ ဖက်ရှင်ဆိုင်၊ ဆေးခန်း၊ ကုန်စုံဆိုင်၊ ဖုန်းဆိုင်၊ စားသောက်ဆိုင်
စသော လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ပြန်လည်ငှားရမ်းပေးသွားမည်ဟု ပြောသည်။
''ရောင်းချရာမှာ လက်ငင်းငွေချေစနစ်၊ ပုံမှန် (၂) နှစ် အရစ်ကျ အတိုးမဲ့စနစ်၊ နှစ်ရှည်
အရစ်ကျစနစ်တွေနဲ့ ငွေပေးချေနိုင်မှာပါ။ နှစ်ရှည်ငွေပေးချေစနစ်အတွက် KBZ, Shwe, AYA,
MAB, CB ဘဏ်တွေနဲ့ ချိတ်ဆက်ပေးထားတယ်။ အထူးအစီအစဉ်အနေနဲ့ လက်ရှိတာဝန်
ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို မူရင်း ရောင်းစျေးရဲ့ ငါးရာခိုင်နှုန်း လျှော့ရောင်းချပေး
သွားမှာပါ။ ဘဏ်တွေမှာ နှစ်ရှည် အရစ်ကျပေးမယ်ဆိုရင် ငါးနှစ်ကနေ ၁ဝ နှစ်အစီအစဉ်နဲ့
ပေးချေနိုင်ပြီး အတိုးနှုန်းကတော့ ကိုးရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်''ဟု အရောင်းနှင့်
စျေးကွက်မန်နေဂျာ မသက်သက်အောင်က ပြောသည်။
လက်ငင်းငွေချေပါက အိပ်ခန်းနှစ်ခန်းပါအတွက် တန်ဖိုးကျပ် ၄၇၈ ဒသမ ၅ သိန်း၊ အိပ်ခန်း
သုံးခန်းပါအတွက် ကျပ်သိန်း ရ၈ဝ၊ Pent House အတွက် ကျပ်သိန်း ၈၂ဝ ကျသင့်မည်ဖြစ်သည်။
ပုံမှန် နှစ်နှစ် အရစ်ကျအတိုးမဲ့ ငွေချေစနစ်ဖြင့် ဝယ်ယူပါက အိပ်ခန်း နှစ်ခန်းပါအခန်းတစ်ခန်းအတွက်
ကျပ် ၅၆၃ သိန်းမှစတင်မည်ဖြစ်သည်။ အခန်းတန်ဖိုးများမှာပထမထပ်မှ စတုတ္ထထပ်အထိ
စျေးတစ်မျိုးဖြစ်ကာ ပ ဉ္စမထပ်မှ အဋ္ဌမထပ်အထိစျေးနှုန်းမှာ ပိုမို များပြားမည်ဖြစ်ကြောင်း
မသက်သက်အောင်က ပြောသည်။
''အိပ်ခန်း သုံးခန်းပါ အခန်းတစ်ခန်းအတွက် နှစ်နှစ် အရစ်ကျနဲ့ဆို ကျပ် ၈၆ဝသိန်းကနေ
ကျပ် ၈၈၈ သိန်း၊ Pent House အတွက် ကျပ် ၁,၁၆၁ သိန်း ကျသင့်မှာပါ။ဘဏ်တွေနဲ့
ချိတ်ဆက်ပေးမယ့် နှစ်ရှည်ငွေပေးချေမှုအတွက် အခန်းတန်ဖိုးရဲ့ ၃ဝရာခိုင်နှုန်းကို ဦးစွာပေးသွင်းဖို့
လိုအပ်ပါတယ်။ လက်ငင်း ငွေပေးချေဝယ်ယူမှုအတွက် ၁၅ ရာခိုင်နှုန်း၊ ဘဏ်တွေနဲ့ချိတ်ဆက်
ဝယ်ယူရင် ၁၄ ရာခိုင်နှုန်းစျေးလျှော့ပေးမှာပါ''ဟု မသက်သက်အောင်က ပြောသည်။
တိုက်ခန်းဝယ်ယူသူများ အနေဖြင့်တိုက်ခန်း တည်ဆောက်ထားသော မြေဧရိယာကို စုပေါင်း
ပိုင်ဆိုင်သည့်စနစ်ရရှိကာ ရန်သူမျိုးငါးပါးကြောင့် အဆောက်အအုံ ထိခိုက်ပျက်စီးပါက
အဆောက်အအုံ ပြန်လည်တည်ဆောက်ရန် ကုန်ကျငွေကိုတိုက်ခန်းပိုင်သူများက အချိုးကျ
ပြန်လည်ထည့်ဝင် တည်ဆောက်နိုင်မည် ဖြစ်ကြောင်း၊ငလျင်ဒဏ်ခံနိုင်ရန် Pile Foundation ဖြင့်
တည်ဆောက်ထားကာ အခန်းတိုင်းတွင် အမှိုက်စွန့်ရန် Duct Chute စနစ် ပါဝင်ကြောင်း၊ ၂၄ နာရီ
ရေမီးစနစ်၊ လုံခြံုရေးစနစ်များ ပါဝင်ပြီး လက်ရှိ မင်္ဂလာမန္တလေးကို စီမံခန့်ခွဲနေသော Mandalay
Management Corporation က ထိန်းသိမ်း စောင့်ရှောက်ခအဖြစ် တိုက်ခန်း၏ တစ်ပေပတ်လည်
လျှင် ကျပ် ၆ဝ နှုန်းဖြင့် တိုက်ခန်းဝယ်ယူသူထံမှ လစဉ် ကောက်ခံမည်ဖြစ်ကြောင်း ဦးဇင်မင်းဆွေက
ပြောသည်။
အဆိုပါစီမံကိန်းမှာ လေဆိပ်သို့ မိနစ်၃ဝ အတွင်း၊ မင်္ဂလာမန္တလေးသို့ ၁၅ မိနစ်အတွင်းနှင့်
မြို့တွင်းသို့ မိနစ် ၂ဝ အတွင်း၊မန္တလေးစက်မှုဇုန်နှင့် ရတနာပုံ တက္ကသိုလ်သို့ ၁ဝ မိနစ်အတွင်း
ရောက်ရှိနိုင်သောနေရာတွင် ရှိသည်။
















