မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ကျောက်စိမ်းဘုရားတွင် ဇူလိုင် ၈ ရက်က အမရကွန်ရက်က
ဦးဆောင်ကာ မသန်စွမ်းမှုဆိုင်ရာ အသိပညာပေး လူထုလှုံ့ဆော်ပွဲပြုလုပ်ခဲ့သည်။
''ဒီပွဲလုပ်ရတာကတော့ မသန်စွမ်းမှုနဲ့ပတ်သက်ပြီး လူထုက ဘယ်လောက်သိလဲ။ မသန်စွမ်းမှုနဲ့
ပတ်သက်ပြီး လူထုက အကြံပေးတာလည်း ကိုယ်သိ။ ကိုယ်ပေးတာလည်း သူတို့သိပေါ့''ဟု အမရ
ကွန်ရက်ဥက္ကဋ္ဌ ဒေါ်ခင်တွတ်တွတ်က ပြောသည်။
အဆိုပါ လူထုလှုံ့ဆော်ပွဲတွင် ကျောက်စိမ်းဘုရားသို့ လာရောက်သော ဘုရားဖူးပြည်သူများကို
မသန်စွမ်းမှုနှင့် ပတ်သက်သည့် ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်း၊ မသန်စွမ်းသူများက
ကပြဖျော်ဖြေခြင်း၊ မသန်စွမ်းအသိပညာပေး ဆိုင်းဘုတ်များ ကိုင်ဆောင် ဓာတ်ပုံရိုက်ကူးခြင်းတို့
ပြုလုပ်ခဲ့သည်။
ပြည်သူလူထုအနေဖြင့် မသန်စွမ်းသူများနှင့် ပတ်သက်သည့် အသိပညာ အားနည်းပြီး
မသန်စွမ်းသူများ၏ အလုပ်အကိုင် အခွင့်အလမ်းတွင် ပုဂ္ဂလိက အလုပ်ခေါ်စာများတွင်သာမက
အစိုးရ အလုပ်ခေါ်စာများတွင်ပါ ခွဲခြားဆက်ဆံခံနေရကြောင်း ဒေါ်ခင်တွတ်တွတ်က
ပြောသည်။
''မသန်စွမ်းသူ တော်တော်များများက ငယ်ငယ်တုန်းက ကျောင်းပညာမသင်ခဲ့ရဘူး။
အတန်းပညာအားနည်းတော့ အလုပ်အကိုင်မှာ ဘယ်သူမှ မခန့်ချင်ကြဘူး။ အစိုးရ အလုပ်ခေါ်စာ
မှာလည်း ကိုယ်ခန္ဓာကျန်းမာသန်စွမ်းသူ ဖြစ်ရမည်လို့ပါတယ်။ ဒီတော့ မသန်စွမ်းသူတွေကို
ခွဲခြားဆက်ဆံသလို ဖြစ်သွားတယ်'' ဟု ၄င်းက ပြောသည်။
ထို့ကြောင့် မသန်စွမ်းသူများ အလုပ်လုပ်ချင်လာစေရန်နှင့် လုပ်ငန်းရှင်များက မသန်စွမ်းသူများကို
အလုပ်ခန့် လာစေရန် ပညာပေးမှုများ ဆောက်ရွက်ခြင်းဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။
၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေသန်းခေါင်စာရင်းအရ မသန်စွမ်းသူဦးရေသည် နိုင်ငံ့လူဦးရေ၏
၄ ဒသမ ၆ရာခိုင်နှုန်း (၂,၃၁၁,၂၅ဝ ဦး) ရှိကြောင်းသိရသည်။
















