အသေးစားနှင့် အလတ်စားလုပ်ငန်းအစုအဖွဲ့များအပေါ် လုပ်ငန်းရှင်းများ၏ စိတ်ဝင်စားမှု နည်းပါး

အသေးစားနှင့် အလတ်စားလုပ်ငန်းအစုအဖွဲ့များအပေါ် လုပ်ငန်းရှင်းများ၏ စိတ်ဝင်စားမှု နည်းပါး

မန္တလေးတိုင်းဒေသကြီးတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းအစုအဖွဲ့များ (Clusters)
ဖွဲ့စည်းထားသော်လည်း လုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှုနည်းပါးကြောင်း တိုင်းဒေသကြီး
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးမျိုးထွဋ်ဆွေက ပြောသည်။

"လုပ်ငန်းမျိုးတူစုတွေ ဖွဲ့ထားတာရှိတယ်။ ဒါပေမယ့် လုပ်ငန်းရှင်တွေက သိပ်စိတ်မပါဘူး။ နိုင်ငံတကာ
သဘောတရား ကတော့ မျိုးတူစုတွေဖွဲ့ပြီး စုပေါင်းပြီး အရင်းအနှီးစုမယ်။ ကုန်ကြမ်းဝယ်တာ၊ စက်ပစ္စည်း
၀ယ်တာကအစ စုပြီးတော့ဝယ်တော့ သက်သာတာပေါ့။ ဒီကလုပ်ငန်းရှင်တွေက တစ်ဦးချင်းပဲ
လုပ်ချင်ကြတယ်။ ပြည်တွင်းစျေးကွက်လေးကိုပဲ လုပြီးလုပ်နေကြတာဆိုတော့ သူ့စျေးကွက်
ကိုယ့်စျေးကွက်ရောသွားမှာကို မကြိုက်ကြဘူး"ဟု ၎င်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းမျိုးတူစုအဖွဲ့များကို ၂၀၁၄ ခုနှစ်
မတိုင်ခင်ကတည်းက စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနက ဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်းအမျိုးတူစု
၁၅ စုတွင် အဖွဲ့ပေါင်း ၁၁၁ ဖွဲ့ရှိကြောင်း ၎င်းက ပြောသည်။

"ခင်ဗျားတို့ ဒီလိုဖွဲ့မှ ရေရှည်မှာ အလုပ်လုပ်လို့ အဆင်ပြေမယ်။ ယှဉ်ပြိုင်နိုင်မယ်။ တစ်ဦးချင်း
လုပ်နေရင် တိုးတက်မှုနှေးကွေးမယ်။ ကျွန်တော်တို့က နိုင်ငံတကာစျေးကွက်ကို လှမ်းရမှာ။
ပြည်တွင်းစျေးကွက်တင်ဆိုရင် နိုင်ငံတကာကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဒီလိုစည်းရုံးပြီး ဖွဲ့ခဲ့တာ"ဟု
၎င်းက ပြောသည်။

လုပ်ငန်းများကို မျိုးတူစုဖွဲ့ထားခြင်းဖြင့် လုပ်ငန်းရှင်အချင်းချင်း တိုင်ပင်ကာ အားသာချက်များကို
၀ိုင်းဝန်း ဆောင်ရွက်ပြီး အားနည်းချက်များကို ၀ိုင်းဝန်းအဖြေရှာနိုင်ပါက လုပ်ငန်းများ
အောင်မြင်နိုင်ကြောင်း ၎င်းက ပြောသည်။

"အစုအဖွဲ့သဘောတရားက သူတို့အချင်းချင်း တိုင်ပင်မယ်။ နှီးနှောမယ်။ နိုင်ငံတကာစျေးကွက်ကို
လှမ်းနိုင်အောင် ဘာတွေလုပ်ကြမလဲ။ နည်းပညာလိုတယ်ဆိုရင်လည်း ပညာရှင်ကို
စုပေါင်းပြီးခေါ်မယ်။ ဒါမျိုး ဖြစ်ရမှာပါ"ဟု ၎င်းက ပြောသည်။

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအနေဖြင့် နိုင်ငံတကာအကူအညီများဖြင့်
လုပ်ငန်းရှင်များအား သင်တန်းများပို့ချရင်း လုပ်ငန်းမျိုးတူစုအဖွဲ့များအပေါ်စိတ်ဝင်စားလာအောင်
စည်းရုံးဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများသည် စနစ်ကျနခြင်းမရှိသဖြင့်
ယခုကဲ့သို့ လုပ်ငန်းမျိုးတူစုများစုဖွဲ့သော်လည်း ထူးခြားမှုမရှိနိုင်ကြောင်း မန္တလေး စက်မှုဇုန်စီမံခန့်ခွဲရေး
ကော်မတီတွဲဖက်အတွင်းရေးမှူး ဦးရဲဝင်းအောင်က ပြောသည်။

"အသေးစားအလတ်စားလုပ်ငန်းတွေအနေနဲ့ စုပေါင်းပြီး မလုပ်နိုင်ရင်၊ စျေးကွက်အသစ်
မရှာနိုင်ရင်တောင် ရှိပြီးသား စျေးကွက်မပျောက်အောင် တဖြည်းဖြည်း သုံးစွဲသူကြိုက်မယ့်
စိတ်ကူးအသစ်တွေ သုံးသင့်တယ်။ အရည်အသွေး ပိုကောင်းအောင်လုပ်သင့်တယ်။ အထူးသဖြင့်
အသေးစားအလတ်စားလုပ်ငန်းတွေဟာ ပြုလွယ်ပြောင်းလွယ်တဲ့ လုပ်ငန်းမျိုးဖြစ်သင့်ပါတယ်"ဟု
၎င်းက သုံးသပ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး