မန္တလေးမြို့တွင် အစိုးရဝန်ထမ်းမူရင်းလစာ၏ သုံးဆထုတ်ချေးခွင့်ရှိသော Staff Loans ချေးငွေ
ထုတ်ချေးခြင်းကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းကြောင်း ဇူလိုင်လ ၁၇ ရက်နေ့၊နေ့လည် ၁ နာရီတွင်
အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်က ကြေညာခဲ့သည်။
ချေးငွေလျှောက်ထားသူများအနေဖြင့် ဘဏ်မှချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာ
ဆောင်ရွက်မှုမရှိခြင်းနှင့် ပတ်ဝန်းကျင်အားအနှောက်အယှက်ဖြစ်စေသည့် ပြသနာများ၊
အပြုအမှုများကြောင့် ချေးငွေထုတ်ချေးခြင်းကို ရက်အကန့်အသတ်မရှိရပ်ဆိုင်းရခြင်းဖြစ်သည်ဟု
ဆိုသည်။
"၀န်ထမ်းတွေအနေနဲ့ စည်းကမ်းရှိစွာနဲ့ တန်းစးပြီး မလုပ်ဘူး။ မလုပ်တော့ အုပ်ချုပ်ကွပ်ကွဲမှု ခက်တယ်။
ဘဏ်လုံခြံုရေးအတွက်လည်း စိုးရိမ်ရပါတယ်။ ဒါ့ကြောင့် မန္တလေးဘဏ်ကို ခေတ္တရပ်ဆိုင်း
ထားပါတယ်။ အရပ်ဘက်ဝန်ထမ်းတွေအနေနဲ့ စည်းကမ်းရှိစွာ လိုက်နာဖို့ လိုပါတယ်"ဟု
အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်(နေပြည်တော်ရုံးချုပ်)မှ အမှုဆောင်
အရာရှိချုပ် ဒေါက်တာ ဇေယျာညွှန့်က ပြောသည်။ အသေးစားနှင့် အလတ်စားစက်မှု
လုပ်ငန်းဖွံ့ဖြိုးရေးဘဏ်သည် အစိုးရဝန်ထမ်းများ၏ ကျန်းမာရေးနှင့် နေထိုင်မှုအခက်အခဲများကို
ကူညီနိုင်ရန် ယခုနှစ် ဇွန်လ ၃ ရက်နေ့မှစတင်ကာ ၀န်ထမ်းမူရင်းလစာ၏ နှစ်ဆ ထုတ်ချေးခဲ့ရာမှ
ဇူလိုင်လ ၃ ရက်နေ့တွင် သုံးဆအထိ တိုးမြှင့်ထုတ်ချေးခဲ့သည်။ အဆိုပါချေးငွေမှာ နှစ်ချင်းဆပ်
တစ်နှစ်သက်တမ်းဖြင့် ထုတ်ချေးခြင်းဖြစ်ပြီး အတိုးမှာ တစ်နှစ် လျှင် ၁၂ ရာခိုင်နှုန်းဖြင့် လစဉ်
အတိုးနှင့် အရင်းကို ပုံမှန်ပေးသွင်းရခြင်းဖြစ်သည်။
ဘဏ်မှ ကော်မရှင်ခအဖြစ် ချေးယူမည့်ငွေပမာဏအပေါ် တစ်ရာခိုင်နှုန်း ကောက်ခံကြောင်း၊
လစဉ် အရစ်ကျပေးသွင်းရမည့် အရင်းအတိုးငွေများကို လစဉ် လဆန်း ၁ ရက်နေ့မှ နောက်အကျဆုံး
လဆန်း ၅ ရက်နေ့တွင် နောက်ဆုံးပေးသွင်းရကြောင်း၊ အချိန်မီပေးသွင်းရန် ပျက်ကွက်ခဲ့လျှင်
နောက်ကျကြေး တစ်ရာခိုင်နှုန်းကောက်ခံကြောင်း ဘဏ်အချက်အလက်များအရ သိရသည်။
ထို့အပြင် ချေးငွေရယူထားသည့်ဝန်ထမ်းသည် အခြားမြို့သို့ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရပါက
ရယူ ထားသည့်ချေးငွေလက်ကျန် အရင်း၊ အတိုးအား တစ်လုံးတစ်ခဲတည်း ပြန်လည်ဆပ်
ရမည်ဖြစ်ကြောင်း၊ သက်ပြည့် (သို့မဟုတ်) နှစ်ပြည့် အငြိမ်းစားယူရန်နီးကပ်သည့် ၀န်ထမ်းများကို
ချေးငွေထုတ်မချေးကြောင်း သိရသည်။
ဇူလိုင်လ ၁၈ ရက်နေ့၊ နေ့လည် ၁ နာရီက စာကပ်ကြေညာခဲ့သော ဘဏ်၏ ကြေညာချက်ကြောင့်
အစိုးရဝန်ထမ်းများအနေဖြင့် စိတ်ထိခိုက်ရကြောင်း ဘဏ်ရှေ့တွင် ချေးငွေလျှောက်ထား ရန်
စောင့်ဆိုင်း နေသော ၀န်ထမ်းများက ပြောသည်။ "ဒီချေးငွေက ၀န်ထမ်းတွေအတွက် အရမ်း
အရေးပါပါတယ်။ ကျွန်မတို့လစာက အရမ်းနည်းတာကိုး။ စိတ်ဝင်စားလို့ မနက် ၂ နာရီ ၃ နာရီက
တည်းက တန်းစီပြီးကျွန်မတို့က အားကိုတကြီးနဲ့ လာကြတာ။ အနှောင့်အယှက်ပေးတာ မဟုတ်ပါဘူး။
အခုလိုစာကပ်ထားတော့ ကျွန်မတို့ စိတ်နည်းနည်း ထိခိုက်တယ်"ဟု မြစ်သားမြို့နယ်မှ
လာရောက်ချေးငွေလျှောက်ထားသည့် ကျောင်းဆရာမတစ်ဦး က ပြောသည်။
"လျှောက်လွှာကို စနစ်တကျလေး ရောင်းပေးသင့်ပါတယ်။ မန္တလေးတစ်တိုင်းလုံးက မလာဘူးဆိုရင်
ဒီလိုမဖြစ် ဘူးလေ။ မန္တလေးတိုင်းမှာရှိတဲ့ မြို့နယ်၊ ခရိုင်တွေကို ခွဲမယ်။ ဌာနဆိုင်ရာတွေကိုလည်း
အကန့်အသတ်လေးနဲ့ ခွဲမယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။ အခုတော့ အဆင်မပြေဘူး။ စရိတ်တွေ
လည်း တက်လာတယ်"ဟု ၄င်းက ဆက်လက်ပြောသည်။
















