ကြံခင်း - ပခုက္ကူ ရထားလမ်း

ကြံခင်း - ပခုက္ကူ ရထားလမ်း

 

ဧရာဝတီမြစ်ဟာ မကွေးတိုင်းဒေသကြီးကို မြောက်မှတောင်သို့ ဖြတ်သန်းစီးဆင်းလျက်ရှိပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ခြမ်းမြို့တွေကို ဆက်သွယ်
ချိတ်ဆက်နိုင်မယ့် ကြံခင်း - ပခုက္ကူ  ရထားလမ်းကို ၂ဝဝ၆ ခုနှစ်မှာ စတင်ဖောက်လုပ်ခဲ့ပါတယ်။

၂ဝဝ၆ ခုနှစ်က စတင်ဖောက်လုပ်ခဲ့တဲ့ ဒီရထားလမ်းစီမံကိန်းဟာ ၂ဝ၁၁ ခုနှစ်မှသာ အပြီးသတ်နိုင်ခဲ့
တာဖြစ်ပါတယ်။ ကြံခင်း - ပခုက္ကူ ရထားလမ်းမှာ ကြံခင်း - သရက်၊ သရက် - မင်းဘူး၊
မင်းဘူး - ဆိပ်ဖြူ၊ ဆိပ်ဖြူ - ပခုက္ကူဆိုပြီး လမ်းပိုင်း လေးပိုင်းရှိပါတယ်။

သက်တမ်းအားဖြင့် နှစ်ပေါင်း ၁ဝ ကျော်ရှိတဲ့ ကြံခင်း - ပခုက္ကူ ရထားလမ်းစီမံကိန်းဟာ ဧရာဝတီမြစ်
အနောက်ဘက်ကမ်းဒေသတွေအတွက် ထိထိရောက်ရောက် အကျိုးခံစားခွင့် ဖန်တီးပေးနိုင်ခြင်း
မရှိသေးပါဘူး။ မိုင်ပေါင်း သုံးရာကျော်ရှည်လျားတဲ့ ရထားလမ်းတစ်လျှောက် ရထားဘူတာ
အချို့ဟာ အသုံးပြုခြင်း မရှိလို့ ခြုံနွယ်ပိတ်ပေါင်းတွေ ဖုံးအုပ်နေပါတယ်။

ကြံခင်း - ပခုက္ကူ ရထားလမ်းရှိ ရထားလမ်းပိုင်းအချို့ကို ယခုနှစ်ပိုင်းအတွင်း ပြေးဆွဲမှု
ရပ်တန့်ခဲ့ရတယ်လို့ မကွေးတိုင်းဒေသကြီး လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးက
ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ ပြောပါတယ်။

ချုံနွယ်များ ပိတ်ဖုံးနေသည့် ပွင့်ဖြူ - စလင်းရထားလမ်းပိုင်းတစ်နေရာ။ နေအောင် / မြန်မာတိုင်း(မ်)

စကု- ပွင့်ဖြူရထားလမ်းပိုင်း၊ ပွင့်ဖြူဘူတာအနီးတွင် ချုံနွယ်များ ဖုံးအုပ်နေသည့် ရထားလမ်းပိုင်း။ နေအောင်/ မြန်မာတိုင်း(မ်)

လက်ရှိမှာတော့ သရက် - မင်းဘူး လမ်းပိုင်းနှင့် ဆိပ်ဖြူ - ပခုက္ကူလမ်းပိုင်းသာ ရထားပြေးဆွဲလျက်
ရှိတယ်လို့ ကြံခင်း - ပခုက္ကူ ရထားလမ်းဖောက်လုပ်ရေးစီမံကိန်း အင်ဂျင်နီယာ ဦးမင်းသိန်းထွန်းက
ယခုလ ၁၈ ရက် ပြောပါတယ်။

''အရင်က မင်းဘူးနဲ့ ပွင့်ဖြူကိုလည်း ရထားပြေးပါတယ်။ အဓိကပြဿနာကတော့ စီးမယ့်ခရီးသည်
နည်းလို့ဆိုပြီး ဆက်မပြေးတော့တာ'' လို့ ၄င်းက ဆိုပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ် အနောက်ဘက်ခြမ်းဒေသတွေမှာ
ပထမဆုံးဖောက်လုပ်ခဲ့တဲ့ ကြံခင်း - ပခုက္ကူ ရထားလမ်းဟာ အရှည်အားဖြင့် ၃၁၄ ဒသမ ၆၅ မိုင်
ရှည်လျားပါတယ်။ ရထားလမ်းဖောက်လုပ်စဉ်က ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ ကြံခင်း၊ ကံမ၊
သရက်၊ မင်းလှ၊ မင်းဘူး၊ စကု၊ စလင်း၊ ပွင့်ဖြူ၊ ဆိပ်ဖြူ၊ ပခုက္ကူ မြို့နယ်တွေထဲက မြေဧက
၄,ဝဝဝ ကျော်ခန့်ကို သိမ်းယူခဲ့တယ်လို့ ၂ဝ၁၆ ခုနှစ်၊ ဇွန်လအတွင်းက ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်
ပြည်သူ့လွှတ်တော် အစည်းအဝေးမှတ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။

''ရထားလမ်းဖောက်လိုက်တာ ကျွန်တော်တို့ နယ်အတွက်တော့ ဘာမှအကျိုးမရှိခဲ့ဘူး။
ဒီရထားလမ်းကြောင့် ဒီနယ်တစ်ဝိုက်က စိုက်ပျိုးရေးသမားတွေ၊ တောင်သူတွေ အကုန်လုံး
ကမောက်ကမတွေ ဖြစ်ကုန်တော့တာပဲ'' လို့ ပွင့်ဖြူမြို့နယ် ယောစုကျေးရွာက တောင်သူ
ဦးသန်းတင့်အောင်က ဆိုပါတယ်။

ကြံခင်း - ပခုက္ကူရထားလမ်းပေါ်ရှိ ထိခိုက်ပျက်စီးနေသည့် စကုဘူတာကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်။ နေအောင်/ မြန်မာတိုင်း(မ်)

၂ဝ၁၅ ခုနှစ် ရေကြီးမှုကြောင့် ပျက်စီးခဲ့သည့် မုန်းချောင်းပေါ်ရှိ ရထားလမ်းပိုင်းကို တွေ့ရစဉ်။ နေအောင်/ မြန်မာတိုင်း(မ်)

မကွေးတိုင်းဒေသကြီး အနောက်ခြမ်းမှာတည်ရှိတဲ့ ရိုးမတောင်တန်းကြီးကနေ ချောင်းအသွယ်သွယ်
စီးဆင်းနေပါတယ်။ ဧရာဝတီမြစ်ဆီနဲ့အပြိုင် ဖြတ်သန်းဖောက်လုပ်ထားတဲ့ မီးရထားလမ်းက
အဲဒီ ချောင်းအသွယ်သွယ်ကို တမံသဘောမျိုး တားဆီးထားပါတယ်။

၂ဝ၁၃ ခုနှစ် ရထားလမ်းဖောက်လုပ်ပြီးချိန်မှာတော့ ရထားလမ်းအထက်ဘက်မှာရှိတဲ့ ဒေသခံတွေရဲ့
စိုက်ပျိုးခင်းတွေ၊ လယ်မြေနဲ့ယာခင်းတွေဟာ ရေဝပ်ဧရိယာတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

တောင်ပေါ်က စီးကျလာတဲ့ ချောင်းရေတွေဟာ ရထားလမ်းတမံမှာ အဆုံးသတ်ခဲ့ရသလို
ဘိုးဘွား အစဉ်အဆက်လုပ်ကိုင်လာခဲ့တဲ့ ဒေသခံတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေဟာလည်း
ထိခိုက်ပျက်စီးခဲ့ရပါတယ်။

''အမေတို့တစ်သက် မုန်းချောင်းဘေးမှာ စိုက်ခဲ့ပျိုးခဲ့တာ တစ်ခါမှရေဝပ်လို့ သီးပင်စားပင်
ပျက်ခဲ့တယ်လို့ မရှိဘူး။ ရထားလမ်းဖောက်လိုက်တော့မှပဲ ကိုင်းတွေ ရေမြုပ်တော့တာ။
ပြီးခဲ့တဲ့နှစ်တွေက စပြီး ဘာစိုက်စိုက် ပျက်တော့တာပဲ'' လို့ ပွင့်ဖြူမြို့နယ်၊ ယောစုကျေးရွာက
အသက် ၉၂ အရွယ် အဖွားဒေါ်သန်းက ပြောပါတယ်။

ပွင့်ဖြူမြို့နယ်အတွင်းက ကျေးရွာအချို့ဟာ မုန်းချောင်းတစ်လျှောက်မှာ ငှက်ပျောကို အဓိကထား
စိုက်ပျိုးကြပါတယ်။ ရထားလမ်းဖောက်ပြီးနောက်ပိုင်း နှစ်တွေမှာ ရေနစ်မြုပ်မှုတွေကြောင့် ငှက်ပျော
စိုက်ခင်းတွေ ပျက်စီးခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ တောင်သူအချို့က ငှက်ပျောစိုက်ပျိုးမှုကို
စွန့်လွတ်လိုက်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အနောက်ရိုးမနဲ့ ချင်းတောင်တန်းတွေမှာ ချောင်းဖျားခံလာတဲ့ မုန်းချောင်းဟာ ပွင့်ဖြူမြို့မြောက်ဘက်
နှစ်မိုင်ခန့်အကွာကနေ ဖြတ်သန်းပြီး ဧရာဝတီမြစ်ထဲကို စီးဆင်းပါတယ်။ မုန်းချောင်းတစ်လျှောက်က
ကိုင်းမြေတွေမှာ ဒေသခံတွေက ဘိုးဘွားအစဉ်အဆက် သီးနှံစိုက်ပျိုးခဲ့ကြပါတယ်။ ပွင့်ဖြူကနေ
စလင်းမြို့ကို ဆက်သွယ်ထားတဲ့ ရထားလမ်းပိုင်းကို မုန်းချောင်းကို ဖြတ်သန်းလျက်
ဖောက်လုပ်ထားပါတယ်။

''ချောင်းကိုဖြတ်တဲ့နေရာမှာ ချောင်းကူးတံတားကို တိုတိုလေးပဲ ထိုးထားတယ်။ ရထားလမ်းအတွက်
ချောင်းထဲမှာ မြေတွေဖို့လိုက်တယ်။ တံတားကတိုင်တွေဆိုရင် ရေကဖြတ်စီးသွားလို့ရပေမဲ့
မြေဖို့လိုက်တာက ချောင်းကို တမံတုတ်လိုက်သလိုဖြစ်သွားတယ်'' လို့ မုန်းချောင်းကို ဖြတ်သန်း
ဦးသန်းတင့်အောင်က ရှင်းပြပါတယ်။

၂ဝ၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံအထက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ အကြီးအကျယ်
ရေကြီးခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးအတွင်းက ပွင့်ဖြူမြို့နယ်ဟာ ထိခိုက်မှုအများဆုံး မြို့နယ်
တစ်ခုဖြစ်ခဲ့ပါတယ်။ မုန်းချောင်းကို ကန့်လန့်ခံနေတဲ့ ရထားလမ်းကြောင့် ရထားလမ်းအထက်ပိုင်း
ဧရိယာမှာရှိတဲ့ ထူး၊ သစ်ချိုကုန်း၊ သရက်ကုန်း၊ သင်္ဘောကုန်း ကျေးရွာတွေဟာ ရေဘေးအန္တရာယ်ကို
ရင်ဆိုင်ခဲ့ရပါတယ်။

''မုန်းချောင်းကိုဖြတ်တဲ့တံတားကတော့ လုံးဝမှားနေတယ်။ ငွေရေးကြေးရေးချွေတာတာပေါ့၊
မုန်းချောင်းအလယ်ကောင်မှာ ကျွန်းခံပြီးတော့ တံတားနှစ်စင်းလုပ်လိုက်တာ။ အမှန်ကတော့
တစ်စင်းတည်း ဖြစ်သင့်တဲ့ချောင်းပေါ့။ နောက်ဆက်တွဲက တစ်ဖက်မှာ သောင်တွေထွန်းပြီးတော့
တစ်ဖက်မှာ ကမ်းပါးတွေကို ဖဲ့စားသွားတယ်။ အဓိကတရားခံကတော့ ရေလယ်ကျွန်းပဲ'' လို့
ကြံခင်း - ပခုက္ကူ ရထားလမ်းဖောက်လုပ်ရာတွင် ပါဝင်ခဲ့သူ မြန်မာ့မီးရထားမှ အငြိမ်းစား
အင်ဂျင်နီယာတစ်ဦးက မှတ်ချက်ပြုပါတယ်။

ရထားလမ်းဖောက်လုပ်ခဲ့မှုကြောင့် စလင်းမြို့နယ်ထဲက စပါးစိုက်ပျိုးရာ လယ်မြေတွေလည်း
ထိခိုက် ပျက်စီးခဲ့ပါတယ်။ ရထားလမ်းအထက်ပိုင်းက လယ်ကွက်တွေမှာ ရေနစ်မြုပ်မှုတွေရှိနေပြီး
ရထားလမ်းအောက်ဘက်က လယ်ကွင်းတွေကတော့ ရေမရရှိပဲ ဖြစ်နေပါတယ်။ တခြားတစ်ဖက်မှာ
လည်း အနောက်ရိုးမပေါ်က စီးလာတဲ့ချောင်းရေတွေဟာ စပါးစိုက်ခင်းတွေထဲကို လိုတာထက်
ပိုမိုဝင်ရောက်နေတဲ့အတွက် ထိခိုက်ပျက်စီးတာတွေ ရှိနေပါတယ်။

''လယ်ရေဝပ်တာက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖောက်ချလို့ ရသေးတယ်။ ယာခင်းတွေ၊ ကိုင်းမြေတွေမှာ
ရေဝပ်တာကတော့ တော်တော့်ကို အဆင်မပြေတာ။ အကုန်ပျက်ကုန်တော့တာပဲ။ ရေဝပ်တယ်
ဆိုတာထက် ရေလွှမ်းတယ်လို့တောင် ပြောလို့ရတယ်'' လို့ စလင်းမြို့နယ်ထဲက စပါးစိုက်တောင်သူ
ဦးသက်နိုင်က ပြောပါတယ်။

ရထားလမ်းအထက်ပိုင်း ကုန်းမြင့်ဘက်က လယ်တွေမှာ ရေဝပ်နေသလို ရထားလမ်းအောက်ပိုင်းမှာ
ရှိတဲ့ လယ်ယာမြေတွေမှာတော့ စိုက်ပျိုးရေမရတဲ့ အခက်အခဲကို တောင်သူတွေ အကြီးအကျယ်
ကြုံတွေ့ခံစားနေရပါတယ်။

ပုံမှန်ရေလမ်းကြောင်းတွေကို ရထားလမ်းတည်ဆောက်ရေးအတွက် မြေဖို့မှုတွေပြုလုပ်ခဲ့ရပြီးနောက်မှာ
ရထားလမ်းတစ်လျှောက်က လယ်မြေယာမြေဧကပေါင်းများစွာမှာ စိုက်ပျိုးရေ ပြတ်တောက်ခဲ့ပါတယ်။

''စိုက်ခင်းထဲကို ရေသွင်းဖို့ စက်နဲ့မောင်းသွင်းရတယ်။ ရေပိုက်တွေသယ်ရတယ်။ တတ်နိုင်တဲ့
တောင်သူရှိသလို မတတ်နိုင်တဲ့ တောင်သူတွေလည်းရှိတယ်။ တောင်သူဆိုတာက ချမ်းသာတဲ့သူ
နည်းတယ်လေ။ အရင်ကပုံမှန် ကုန်နေကြ စိုက်စရိတ်ထဲမှာ အခုတော့ ရေသွင်းဖို့ ကုန်ကျစရိတ်ပါ
ပေါင်းထည့်လိုက်ရတယ်'' လို့ ဦးသက်နိုင်က ပြောပြပါတယ်။

''အဲဒီတုန်းက တံတားတွေထိုးခဲ့တဲ့ပုံစံက မူလချောင်းမြောင်းရှိပြီးသား နေရာတွေကိုပဲ ပေးခဲ့တာ၊
မူလချောင်းရေစီးသွားတဲ့ နေရာကိုပဲ တံတားထည့်ပေးလိုက်တာပဲ။ ရေလမ်းကြောင်းတွေကို
တချို့နီးတယ်ဆိုရင်တောင် ချောင်းတစ်ခုနဲ့တစ်ခုကို ဖြတ်မြောင်းအနေနဲ့ ပူးပေးလိုက်တာတွေ
ရှိခဲ့တယ်'' ဟု ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းမှာ ပါဝင်ခဲ့တဲ့ အငြိမ်းစားအင်ဂျင်နီယာတစ်ဦးက
ပြောပါတယ်။

စကု၊ သရက်နဲ့ စလင်းမြို့တွေထဲက ရထားလမ်းပိုင်းတချို့မှာတော့ ချောင်းမရှိသော်လည်း
ရေပေးမြောင်းတွေကြောင်း ရထားလမ်းဖြတ် တံတားတွေဆောက်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။

မကွေးတိုင်းစလင်းမြို့နယ် မြောက်ဘက်ခြမ်းဒေသတချို့မှာတော့ရေဝင်ရေထွက် မမျှတမှုတွေ
ဖြစ်ပေါ်နေပြီး စပါးစိုက်ပျိုးရေးအတွက်အခက်အခဲဖြစ်ပေါ်နေတယ်လို့ စလင်းမြို့နယ်
သြဂဲနစ်စိုက်ပျိုးသူများအဖွဲ့ အတွင်းရေးမှူး ဦးမြင့်ဟန်ကဆိုပါတယ်။

လက်ရှိအချိန်မှာ ဒေသခံအများစုကတော့ ရထားလမ်းထက်ကားလမ်းကိုသာ အများဆုံးအားထား
အသုံးပြုနေကြပါတယ်။ ပိုမိုကောင်းမွန်တဲ့ ရေမြောင်းစနစ်တွေ ရရှိနိုင်ဖို့လည်း တောင်သူတွေ
မျှော်လင့်နေကြပါတယ်။ ရထားပြေးဆွဲခြင်းမရှိတဲ့ လမ်းပိုင်ဘူတာရုံတွေဟာ ချုံနွယ်ပိတ်ပေါင်းတွေ
ဖုံးအုပ်နေတဲ့အတွက် သရဲကားရိုက်ကူးဖို့ အကောင်းဆုံးနေရာတွေအဖြစ် ဒေသခံတွေက
မှတ်ချက်ပြုကြပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး