ရန်ကုန်မြို့ အတွင်းဝန်ရုံးကို ယခုနှစ် အာဇာနည်နေ့မှစ၍ သုံးရက်တိုင်တိုင် အများပြည်သူ လာရောက်
လေ့လာနိုင်ရန် ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း အတွင်းဝန်ရုံး ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ မြို့ပြ
အမွေအနှစ် စီမံကိန်းမန်နေဂျာ ဒဲရန်မက်ကလင်းန်က ပြောသည်။
ကြည့်ရှုလေ့လာခွင့်ပေးထားသည့် သုံးရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ လုပ်ကြံခံခဲ့ရစဉ်က
ကြွင်းကျန်ရစ်ခဲ့သော ပစ္စည်း ၂၈ မျိုးနှင့် ထိုအချိန်က အသုံးပြုသော မူရင်းပရိဘောဂပစ္စည်းများကို
ခင်းကျင်းပြသမည်ဟု ၄င်းကဆိုသည်။
ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အစည်းအဝေးလုပ်နေစဉ် လုပ်ကြံခံခဲ့ရသော
အခန်းအပါအဝင် အခြားသော မြန်မာ့နိုင်ငံရေး သမိုင်းတစ်လျှောက်တွင် အရေးပါလှသော အချိုးအကွေ့
များကိုဖြစ်စေခဲ့သည့် မြန်မာနိုင်ငံ၏ပထမဆုံး ပါလီမန်၊ မြန်မာပြည် လွတ်လပ်ရေးရအပြီး ပထမဆုံးလွှင့်
ထူခဲ့သော အလံတိုင်၊ ဗိုလ်ချုပ်နှင့်တကွ ကျဆုံးသွားသော အာဇာနည်ကိုးဦးအတွက် ပထမဆုံး
စိုက်ထူခဲ့သော အထိမ်းအမှတ်ကျောက်တိုင် စသော အဖိုးမဖြတ်နိုင်သည့် အမှုမဲ့အမှတ်မဲ့
မထားသင့်သော သမိုင်းဝင်နေရာများရှိနေသည့် အတွင်းဝန်ရုံးကို ရှေးမူမပျက် ထိန်းသိမ်း
စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ယူရသည်မှာ ခက်ခဲသည်ဟု
ဒဲရန်မက်ကလင်းန်က ပြောသည်။
''ဒီလိုစီမံကိန်းမျိုးကို မှန်မှန်ကန်ကန် ထိန်းသိမ်းဖို့ဆိုရင် အရင်ဆုံး အဆောက်အအုံတစ်ခုလုံးကို
ခွဲခြမ်းစိတ်ဖြာ လေ့လာရပါတယ်''ဟု ၄င်းက ပြောသည်။
အတွင်းဝန်ရုံးကို ထိန်းသိမ်းပြုပြင်ရာတွင် ရှေးယခင်က အဆောက်အအုံ ဆောက်လုပ်ရာတွင်
အသုံးပြုခဲ့သော ပစ္စည်းများ၊ နည်းလမ်းများကိုသာ ပြန်လည်အသုံးပြုထားပြီး ထိုကဲ့သို့ ရှေးဟောင်း
ပစ္စည်းများ ရှာဖွေသုံးစွဲရန် ကြံုတွေ့ရသည့် အဓိကအခက်အခဲမှာ ကျွမ်းကျင်လုပ်သားနှင့်
ရှေးခေတ်သုံး ဆောက်လုပ်ရေးပစ္စည်းများဖြစ်ကြောင်း ၄င်းက ပြောသည်။
''ခေတ်မီလာတာနဲ့အမျှ အခုခေတ်မှာ အလုပ်သမားအများစုက စက်ကို မှီခိုလာတဲ့အတွက် သူတို့ရဲ့
လက်မှုအတတ် ကျွမ်းကျင်မှုကို မေ့လျော့ထားတတ်ကြပါတယ်။ အဲဒီတော့ လက်မှုအနုပညာနဲ့
တည်ဆောက်ထားတဲ့ ရှေးခေတ်အဆောက်အအုံတွေကို ဒီခေတ်မှာ ပြန်လည်ထိန်းသိမ်းရတာ
အလွန်ခက်ခဲပါတယ််''ဟု ၄င်းက ပြောသည်။
အတွင်းဝန်ရုံး ထိန်းသိမ်းရန် လက်မှုအနုပညာလက်ရာများကို ပြည်တွင်းက လက်သမားများကို
ပြန်လည်သင်ပေးခဲ့ရပြီး အစားထိုးပစ္စည်း များ ရှာဖွေရာတွင်လည်း အခက်အခဲများ
ကြံုတွေ့ခဲ့ရကြောင်း ဒဲရန်မက်ကလင်းန်က ပြောသည်။
''အခုလို စီမံကိန်းမျိုးလုပ်တဲ့အတွက် တွေ့ရတဲ့ နောက်အခက်အခဲ တစ်ခုက အစားထိုးစရာပစ္စည်း
ရှားပါးတာပါပဲ။ သိပ်ပြီးရှည်တဲ့ သစ်သားမျိုးဆို အခုခေတ်မှာ ရှာရတာ သိပ်ခက်ခဲပါတယ်။ အဲဒီတော့
ကျွန်တော်တို့အနေနဲ့ သုံးပြီးသား သစ်အဟောင်းတွေကနေ သေသေချာချာ ပြန်ရွေးပြီး သုံးရ
တာတွေလည်း ရှိပါတယ်။ ဒါက ပတ်ဝန်းကျင်ထိန်းသိမ်း ရေးအတွက်လည်း ကောင်းပါတယ်''ဟု
၄င်းက ပြောသည်။
အတွင်းဝန်ရုံး ပြုပြင်ထိန်းသိမ်းရာတွင် အခြား အဓိကကျသည့် အပိုင်းမှာ သုတ်ဆေးဖြစ်ပြီး
အရောင်ကို သေချာသိစေရန် ခွဲစိတ်ခန်းသုံး ဓားဖြင့် သေချာစွာ ဖြည်းဖြည်းချင်း ခြစ်ကြည့်ပြီး
အရောင်ကို ဖော်ထုတ်ရကြောင်း၊ အတွင်းဝန်ရုံး၏ မူရင်းအရောင်ကို သိရှိစေရန် ၁၄ လွှာအထိ
မိုက်ခရိုစကုပ်နှင့် သေသေချာချာကြည့်ပြီး မူလအရောင်ကို ပြန်ရှာထားရကြောင်း
ဒဲရန်မက်ကလင်းန်က ပြောသည်။
အတွင်းဝန်ရုံးဖွင့်ရက်တွင် မူလပရိဘောဂပစ္စည်းများကို ရှေးယခင် အတိုင်း ခင်းကျင်းပြသထားပြီး
အများပြည်သူကို အနီးကပ်ကြည့်ရှုရသည့်အခွင့်အရေးပေးရာတွင် ပရိဘောဂပစ္စည်းများ
မပျက်စီးစေရန် ကာကွယ်ရန် လိုအပ်ကြောင်း ဒဲရန်မက်ကလင်းန်က ပြောသည်။
''ကျွန်တော် ပြန်လည်ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ပေးခဲ့တဲ့ ဥရောပက တချို့
အဆောက်အအုံတွေထဲက စကော့တလန်က ရဲတိုက်ကြီး ဆို နှစ် ရဝဝ ကျော် သက်တမ်းရှိပါပြီ။
အဲဒါမျိုးတွေကို ထိန်းသိမ်း စောင့်ရှောက်ရတဲ့အခါ ကျွန်တော်တို့တွေက လူတွေကြည့်ရှုနိုင်စေဖို့
ကြမ်းပြင်နောက်တစ်ခု ဖန်တီးပေးထားရပါတယ်။ လူတွေက တမင်ဖျက်ဆီးချင်လို့ လာတာ
မဟုတ်ပေမဲ့ မတော်တဆဖြစ်နိုင်တဲ့အတွက် အဲဒါတွေကို ကြိုတင်ကာကွယ်ဖို့ သိပ်အရေးကြီးပါ
တယ်''ဟု ၄င်းက ပြောသည်။
အတွင်းဝန်ရုံးအဆောက်အအုံမျိုးမှာ ကမ္ဘာပေါ်တွင် ရှားပါးသော အနုစိတ်လက်ရာဖြင့် အသေးစိတ်
ဆောက်လုပ်ထားသော ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်သည်ဟု ဒဲရန်မက်ကလင်းန်က
ပြောသည်။
''ကျွန်တော် ဒီစီမံကိန်းကို ဝင်လုပ်ဖြစ်တာက ဒီလိုအဆောက်အအုံမျိုးဟာ ကမ္ဘာမှာတောင်
တော်တော်ရှားသွားပါပြီ။ တစ်ခုတည်းရှိမယ့် အဆောက်အအုံမျိုးပါ''ဟု ၄င်းက ပြောသည်။
အတွင်းဝန်ရုံးကို ဒီဇိုင်နာ ဟင်နရီဟွိုင်ဖောက်စ်က ဒီဇိုင်းရေးဆွဲပေးခဲ့ပြီး ၁၈၉ဝ ပြည့်နှစ်၊
ဇန်နဝါရီလတွင် စတင်တည်ဆောက်ခဲ့သည်။ ၁၈၉၂ ခုနှစ်၊ ဒီဇင်ဘာလတွင် တောင်ဘက်အခြမ်း၏
ပင်မအဆောက်အအုံ ဆောက်လုပ်ပြီးစီးခဲ့ပြီး ယခုအခါတွင် ထိုအဆောက်အအုံမှာ နှစ်ပေါင်း
၁၂ဝ ကျော် သက်တမ်းရှိနေပြီဖြစ်သည်။
ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ
ဒေါက်တာသန့်မြင့်ဦးက အတွင်းဝန်ရုံး ပြန်လည် ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် သမိုင်းဝင်
ယဉ်ကျေးမှုအမွေအနှစ် နေရာများစွာရှိနေသော ရန်ကုန်မြို့လယ်ကို ပြန်လည်အသက်ဝင်လာရေး
အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သင့်ပြီး ထိုကဲ့သို့ မြို့လယ် သက်ဝင် လှုပ်ရှားလာခြင်းသည်
အလုပ်အကိုင်အခွင့်အလမ်းများ၊ အသေးစားစီးပွား ရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများ
ပိုမိုကောင်းမွန်ရန် ဖြစ်သင့်ကြောင်း ပြောသည်။
အတွင်းဝန်ရုံးအတွင်းရှိ ပါလီမန်အဆောက်အအုံတွင် ပထမဆုံး မြန်မာ့လွှတ်တော်
အစည်းအဝေးများကို ၁၉၃၆ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ၏အစောပိုင်း
ဖွဲ့စည်းပုံအခြေခံဥပဒေများကို ထိုလွှတ်တော်ရုံးတွင် မူကြမ်းရေးဆွဲခဲ့သည်။
















