စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးရွာသွန်းမှုများပြားခြင်း၊ မြစ်ရေကြီးခြင်းများကြောင့် သီးနှံများ
ပျက်စီးဆုံးရှုံးခဲ့ပြီး ယင်းအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးနိုင်ရန် ဆောင်ရွက်
မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး
ဦးကမ်ဇာမုံက ပြောသည်။
စစ်ကိုင်းတိုင်း၌ ရေနစ်မြုပ်နေသည့်စိုက်ဧကပေါင်း ၁၆,ဝဝဝ ကျော်ရှိပြီးပျက်စီးဆုံးရှုံးခြင်း
များအတွက် တောင်သူများအား လိုအပ်သည့် အကူအညီများဆောင်ရွက်ပေးနိုင်ရန်
ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားကြောင်း၊စိုက်ပျိုးလုပ်ကိုင်နိုင်ရန် မျိုးနှင့်ငွေကြေး
ထောက်ပံ့မှုများပေးမည်ဖြစ်ကြောင်း ဝန်ကြီးက ယခုလ ၁၈ ရက်တွင် ဆိုသည်။
''မြစ်ရေကြီးမှုကြောင့် စိုက်ပျိုးထားတဲ့ သီးနှံတွေ ပျက်စီးသွားတာတွေရှိတယ်။ ဒါတွေကို
ထောက်ပံ့ဖို့ ပြည်ထောင်စုအစိုးရကို တင်ပြတောင်းခံထားတယ်။ ဘယ်လောက်ရမယ်၊
ဘယ်လိုပေးဆိုတာတော့ လောလောဆယ်အသေးစိတ် မသိသေးဘူးပေါ့။ ဒါပေမဲ့လိုအပ်တဲ့
ကူညီထောက်ပံ့မှုတွေကိုတော့ ဆောင်ရွက်ပါမယ်'' ဟု ဝန်ကြီးက ပြောသည်။
တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးထားသည့် စပါး၊ နွေပဲ၊ ဖရဲ၊ နှမ်း စသည့်သီးနှံများ ပျက်စီး
ဆုံးရှုံးခဲ့ခြင်းဖြစ်ကာ လိုအပ်သည့် မျိုးများ ထောက်ပံ့ပေးနိုင်ရန် အရန်မျိုးများ အသင့်ပြင်ဆင်
ထားကြောင်း တိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဦးစီးဌာနက သိရသည်။
မြစ်ရေကြီးမှုကြောင့် ရေနစ်မြုပ်ခဲ့သည့် စိုက်ကွင်းများအတွက် ဧကမည်မျှ ဆုံးရှုံးမည်ကို
တွက်ချက်၍ မရနိုင်သေးကြောင်း၊ ရေပြန်ကျသွားသောအချိန်တွင် စိုက်ပျိုးလုပ်ကိုင်နိုင်ရန်
မျိုးနှင့် သီးနှံပေါ်ချိန်တွင် ပြန်ဆပ်ရမည့် ချေးငွေများ ပြန်လည် မဆပ်နိုင်မည်ကို စိုးရိမ်နေကြ
ကြောင်း ဘုတလင်မြို့နယ်ရှိ တောင်သူကိုသစ္စာက ပြောသည်။
''ကျွန်တော်တို့နယ်နဲ့ အနီးတစ်ဝိုက်ကတော့ စိုက်ဧကပေါင်း ၁,၈ဝဝလောက် ရေမြုပ်သွား
တယ်။ ဖရဲစိုက်ခင်းတို့ ဘာတို့ကတော့ သိပ်ပြဿနာ မရှိပေမဲ့ ပဲခင်းတွေကတော့ အကုန်
ပြန်မရနိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ ပဲခင်းတွေက အခုမှ အသီးသီးနေတဲ့အချိန်
ရေဝင်သွားတော့ အကုန်သေတယ်။ ရေကျသွားရင်လည်း နုန်းတွေ ကျန်နေခဲ့တော့ ပြန်ရ
ဖို့က မဖြစ်နိုင်ပါဘူး။ ရာသီပေါ် ပြန်ဆပ်ရမည့် ချေးထားတဲ့ အကြွေးတွေကို ဘယ်လို
ပြန်ဆပ်ရမလဲဆိုတာပဲ စိတ်ပူပါတယ်။ ဒါလေးကိုလည်း သက်ဆိုင်ရာတွေကို သိစေချင်
ပါတယ်''ဟု ကိုသစ္စာက ပြောသည်။
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကယခင်နှစ်များတွင် သဘာဝဘေးအန္တရာယ် ကျရောက်မှု
များကြောင့် လယ်ယာမြေပျက်စီး ဆုံးရှုံးခဲ့သည့် တောင်သူများကို ချေးငွေပြန်ဆပ်ရန်
နှစ်ဆိုင်းခွင့်ကို ပေးခဲ့သည်။















