စစ်ကိုင်းတိုင်းဒေသကြီးတွင် ချင်းတွင်းမြစ်ရေကြီးမှုကြောင့် မြို့နယ်အချို့တွင် ရေဘေးခံစား
နေရပြီး ယခုလ ၃ ရက်မှ ၁၈ ရက်အထိ သေဆုံးသူတစ်ဦးရှိကာ အိမ်ထောင်စု ၄,၁၅၈စု၊
လူဦးရေ ၁၈,၆၃၂ ဦး ပြောင်းရွှေ့နေထိုင်နေကြရကြောင်း တိုင်းဒေသကြီး လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခုလ ၃ ရက်မှစ၍ ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့်
ခန္တီး၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊မြောင်း၊ မုံရွာ၊ ဟုမ္မလင်း၊ မင်းကင်း၊ စလင်းကြီး
စသည့် မြို့နယ် ၁၃ မြို့နယ်တွင် ရေဘေးဒုက္ခ ခံစားရနေရခြင်းဖြစ်ကာ လူဦးရေ ၄ဝ,ဝဝဝ
ထက်မနည်း ရေဘေးသင့်နေကြောင်း တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ
ချထားရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းမြစ်ရေကြီးမှုကြောင့် တိုင်းဒေသကြီးအတွင်း အိမ်ခြေ ၂၅ လုံး ရေစီးနှင့်အတူမျောပါခဲ့ပြီး
ခန္တီးမြို့တွင် သေဆုံးသူတစ်ဦးရှိခဲ့ကာ အိမ်မျောပါသွားသည့် အိမ်ထောင်စုများအား
တစ်အိမ်ထောင်လျှင် ကျပ်တစ်သိန်းထောက်ပံ့ပေးထားပြီး ကျန်အိမ်ထောင်စုများကို ဆန်၊
ဆီ၊ ခေါက်ဆွဲခြောက်ထုပ်များကူညီထောက်ပံ့ပေးထားကြောင်း ၄င်းတာဝန်ရှိသူက
ပြောသည်။
စစ်ကိုင်းတိုင်းမြို့တော်ဖြစ်သော မုံရွာမြို့တွင် ဇူလိုင် ၁၈ ရက်ထိ ရေဝင်ရောက်မှုရှိနေပြီး
ရေဘေးသင့် အိမ်ထောင်စု ၃,၆ဝ၇ အိမ်နှင့် လူဦးရေ ၁၄,၉၃၈ ဦးအထိ ရှိခဲ့သည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ရေဘေးသင့်
ပြည်သူများကို ဘုန်းကြီးကျောင်းများ၊ သာသနိကအဆောက်အအုံများတွင် ယာယီ
နေထိုင်ရန်စီစဉ်ပေးထားပြီး ကယ်ဆယ်ရေးနေရာ ၁၇ နေရာခန့်ရှိကြောင်း၊ မြစ်ရေသည်
ဆက်လက် မြင့်တက်နေနိုင်သေးသည့်အတွက် ထောက်ပံ့ရေးပစ္စည်းများကို ကြိုတင်
ပြင်ဆင်ထားကြောင်း လူကယ်/ပြန်ဌာန တာဝန်ရှိသူက ပြောသည်။
''ကျွန်တော်မြို့မှာတော့ မြစ်ရေက စိုးရိမ်ရေမှတ် အောက်ပြန်ကျသွားတယ်။ စတက်
တုန်းကတော့ နေခင်းပိုင်းကြီးကို ပစ္စည်းတွေ ပြောင်းနေရင်းကို တက်ချလာတာပေါ့။
အခုရေကျသွားတော့ တချို့ကလည်း ကိုယ့်အိမ်ကိုယ် ပြန်နေတာရှိသလို တချို့ကလည်း
ကယ်ဆယ်ရေးနေရာတွေမှာ နေထိုင်နေတာရှိပါတယ်။ အစိုးရဘက်က ထောက်ပံ့ပေးမှု
ကတော့ ရေစတက်လာကတည်းက သူတို့စီစဉ်ပေးပါတယ်။ ဝန်ကြီးတွေလည်း ကိုယ်တိုင်
လာပြီး ကူညီထောက်ပံ့တာတွေ ရှိပါတယ်။ ကျွန်တော်တို့က မြစ်အထက်ပိုင်းက ရေကျ
သွားတယ်ဆိုပေမဲ့ အောက်ပိုင်းကတော့ မြစ်ရေရှိနေဦးမှာပါ''ဟု ခန္တီးမြို့နယ် ဒေသခံ
ကိုအောင်ဆန်းမြင့်က ပြောသည်။
ရေဘေးသင့်ဒေသများတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့က ကယ်ဆယ်ရေးနှင့် ပြန်လည်
နေရာချထားရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကျပ်သိန်း ၂၆ဝ ကျော်အသုံးပြု
ထားပြီးဖြစ်ကာ ကူညီထောက်ပံ့ငွေများလည်း ရရှိထားသောကြောင့် ထောက်ပံ့ရေးလုပ်ငန်း
များ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း
က မြန်မာတိုင်း(မ်) ကိုယခုလ ၁၆ ရက်တွင် ပြောသည်။
''ရေဘေးသင့်ဒေသတွေကို ကယ်ဆယ်ရေးဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာန
တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကိုလည်း လိုအပ်တွေ
ဆေးဝါးတွေနဲ့ ရေဝင်ရောက်မှုကြောင့် သွေးလွန်တုပ်ကွေးအန္တရာယ် ကြိုတင်ကာကွယ်
ထားဖို့လည်း လုပ်ထားပါတယ်'' ဟု ဒေါက်တာဇော်ဝင်းက ပြောသည်။















