မြန်မာ–တရုတ် ဂက်စ်နှင့် ရေနံပိုက်လိုင်း ဖြတ်သန်းမှုကြောင့် ပတ်ဝန်းကျင်အပေါ်
သက်ရောက်မှုများအတွက် ပြင်ဦးလွင်မြို့နယ်တောင်သူများက လက်ရှိ ကြံုတွေ့
အကျိုးသက်ရောက်မှု ၁၄ ချက်နှင့် တောင်းဆိုချက်ခုနစ်ချက်ကို ထုတ်ပြန်ခဲ့သည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် စိမ်းလန်းပြင်ဦးလွင်
အဖွဲ့နှင့် မြန်မာ–တရုတ် ဂက်စ်နှင့် ရေနံပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီတို့ ယခုလ
၆ ရက်က ပြင်ဦးလွင်မြို့တွင် တွေ့ဆုံကာပြင်ဦးလွင်မြို့နယ်အတွင်း ပိုက်လိုင်းတစ်လျှောက်
တောင်သူများ၏ သဘာဝပတ်ဝန်းကျင်နှင့် မြေယာအရေး အလုပ်ရုံဆွေးနွေးပွဲကို
လုပ်ဆောင်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲတွင်အကျိုးသက်ရောက်မှုနှင့် တောင်းဆိုချက်များကို
ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
ကီလိုမီတာ ၁,၁ဝဝ ရှည်လျားသော ဂက်စ်နှင့်ရေနံပိုက်လိုင်းမှာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊
ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို ဆက်သွယ်ဖောက်လုပ်ထားခြင်းဖြစ်ပြီး
မြန်မာနိုင်ငံတွင်း မြို့ကြီးခြောက်မြို့ကိုဖြတ်သန်းသွားရာ ပိုက်လိုင်းဖြတ်သန်းသွားသည့်
နေရာဒေသများတွင် စိုက်ပျိုးရေးအခက်အခဲ၊ အရေးပေါ်အန္တရာယ် တုံ့ပြန့်မှုအစီအစဉ်
မသိရှိခြင်းနှင့် အခြားသောကြံုတွေ့ခံစားနေရသည့် အကျိုးသက်ရောက်မှုများရှိနေကြောင်း
ပိုက်လိုင်းဖြတ်သန်းသွားခြင်း ခံခဲ့ရသည့် တောင်သူများက ဆိုသည်။
ပိုက်လိုင်းဖြတ်သန်း သွားလာခဲ့သည့် မြို့ကြီးများမှ တစ်မြို့လျှင် တစ်ဦးနှုန်းသတ်မှတ်ကာ
အဖွဲ့ဝင် ခုနစ်ဦးပါဝင်သည့် မြန်မာ–တရုတ် ဂက်စ်နှင့် ရေနံပိုက်လိုင်း စောင့်ကြည့်ရေး
ဦးဆောင်ကော်မတီကို ၂ဝ၁၂ ခုနှစ်၊အောက်တိုဘာလအတွင်း ဖွဲ့စည်းခဲ့ပြီး မြို့နယ်အားလုံး
ပေါင်းတွင် အဖွဲ့ဝင် ၁၁ဝနီးပါးထိရှိကာ ပြည်သူများ၏ နစ်နာမှုများ၊ ရပိုင်ခွင့်များကို
ကုမ္ပဏီနှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ပေးနေသည်။
''ကျွန်တော်တို့ ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီထဲက သုံးဦး ပိုက်လိုင်းကုမ္ပဏီက
တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး တောင်းဆိုကြဖို့ ရှိတယ်။ ကုမ္ပဏီဘက်ကလည်း ကမ်းလှမ်း
တာမျိုးရှိပါတယ်။ ပြင်ဦးလွင်ဒေသခံတွေရဲ့ တောင်းဆိုချက်က ခုနစ်ချက်ဖြစ်နေပေမဲ့
ဒီထဲမှာ မပါတဲ့ နောက်ထပ်နှစ်ချက်ကို ထပ်မံတောင်းဆိုသွားမယ်။ နံပါတ် (၁)က
ပိုက်လိုင်းဖြတ်သန်းခဲ့တဲ့ လမ်းတစ်လျှောက် ခုတ်လှဲခဲ့တဲ့ သစ်ပင်တွေ အစားပြန်စိုက်ပေး
ရမယ်။ နံပါတ်(၂) က ပိုက်လိုင်းထဲကနေ ဖြတ်သန်းသွားတဲ့ ဓာတ်ငွေ့တွေရဲ့ သင့်တင့်တဲ့
အချိုးကို လစဉ်တောင်သူတွေ ခံစားပိုင်ခွင့်ရဖို့ တောင်းဆိုသွားမယ်''ဟု ပိုက်လိုင်း
စောင့်ကြည့်ရေးအဖွဲ့ဝင် ဦးကိုကိုကြီးက ပြောသည်။
''ပိုက်လိုင်းဖြတ်သွားလို့ အခု ကြံုတွေ့ရင်ဆိုင်နေရတာတွေအတွက် အကျိုးသက်ရောက်မှု
၁၄ ချက်လောက် တင်ပြသွားမယ်။ လယ်ယာမြေတွေပေါ်မှာ မြေစာတွေ ပုံခဲ့ကြတော့
တခြား စိုက်ပျိုးမြေတွေပါ ပျက်စီးကုန်တယ်။ အနိမ့်ပိုင်းကို ရောက်နေတဲ့ မြေတွေလည်း
အပါအဝင်ပဲ။ စိမ့်စမ်းရေထွက်တွေပျက်စီးကုန်တယ်။ အခုရခဲ့တဲ့ နစ်နာကြေးတွေက
မြေယာအတွက်လား၊ သီးနှံတွေအတွက်လား ဆိုတာလည်း သဲသဲကွဲကွဲ မသိရဘူး။ ရာသီ
သီးနှံ စိုက်ပျိုးခွင့်မှာလည်း ဒေသတစ်ခုနဲ့တစ်ခု ကွဲဲပြားနေတယ်။ နှစ်ရှည်ပင် စိုုက်ပျိုးခွင့်
မရပြန်ဘူး။ ပိုက်လိုင်းအတွက် တာဝန်ယူမှုဆိုတာလည်း မရှိဘူး။ ပိုက်လိုင်းဖောက်တုန်းက
မိုင်းခွဲခဲ့လို့ ပျက်စီးခဲ့တဲ့ အဆောက်အအုံတွေအတွက်လည်း နစ်နာကြေးမရဘူး။ အဆိုးဆုံး
ကတော့ ပိုက်လိုင်းအရေးပေါ်အန္တရာယ်ဖြစ်လာရင် တုံ့ပြန်ဖို့ အစီအစဉ်တွေမသိရဘူး''ဟု
ပိုက်လိုင်းဖြတ်သန်းခြင်း ခံခဲ့ရသည့် ပြင်ဦးလွင်မှတောင်သူ ဦးစိုင်းထွန်းက ပြောသည်။
တောင်းဆိုချက်ခုနစ်ချက်တွင် လယ်ယာမြေ နစ်နာကြေးအတွက် ဒေသခံများ
ကျေနပ်သည်ထိ ဖြေရှင်းပေးရန်၊ လက်ရှိဖြစ်ပေါ်နေသည့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုး
သက်ရောက်မှု၊ လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု စစ်တမ်းများ ပြန်လည်ကောက်ယူရန်၊
စစ်တမ်းများကောက်ယူရာတွင် အရပ်ဘက်အဖွဲ့အစည်းများကို ထည့်သွင်းရန်၊ဒေသ
ဖွံ့ဖြိုးရေး စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ သိသင့်သိထိုက်သည့်
သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ပေးရန်နှင့်
အရေးပေါ်အခြေအနေတွင် တာဝန်ရှိသူများ၏ တုံ့ပြန်မည့် အစီအစဉ်ကို ဒေသခံများ
လိုက်နာဆောင်ရွက်ရမည့် အစီအစဉ်များ သိရှိနိုင်ရေးတို့ကို ဆွေးနွေးပွဲမှ တောင်းဆို
ကြေညာခဲ့သည်။
''ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှုမှာ ပြင်ဦးလွင်ကိစ္စ
တောင်းဆိုချက်တွေ၊ အကျိုးသက်ရောက်မှုတွေကို တင်ပြလာတာကို လက်ခံရရှိပါတယ်။
အကျိူးသက်ရောက်မှုတွေအတွက် ကုမ္ပဏီကနေ အဲဒီဒေသကို သွားရောက်လေ့လာ
ပါမယ်။ အခုဖြစ်နေတာတွေက ပိုက်လိုင်းကြောင့် ဖြစ်တာဟုတ်၊ မဟုတ်ဆိုတာကိုလည်း
စုံစမ်းရပါအုံးမယ်။ ပိုက်လိုင်းကြောင့် ဖြစ်ခဲ့မယ်ဆိုရင်တော့ ဒေသခံတွေနဲ့ ကုမ္ပဏီတာဝန်ရှိ
သူတွေနဲ့ တွေ့ဆုံပြီး ညှိနှိုင်းဆောင်ရွက်ပါမယ်'' ဟု CNPC ကုမ္ပဏီ၏ လူထုဆက်ဆံရေး
တာဝန်ခံ ဦးမိုးတိမ်က မြန်မာတိုင်း(မ်)ကို ဇူလိုင် ၁၇ ရက်က ပြောသည်။















