စက်မှုနည်းပညာ မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ မော်တော်ယာဉ်
နည်းပညာ သုတေသနဌာန (ပြင်ဦးလွင်)တွင် မော်တော်ယာဉ်ကျွမ်းကျင်မှု အခြေပြု
ကာလတို အချိန်လေးပတ် သင်တန်းကို ဖွင့်လှစ်သင်ကြားနိုင်ရန် သင်တန်းသားများ
ခေါ်ယူလျက်ရှိသည်။
အဆိုပါသင်တန်းကို ၂ဝ၁၇ ခုနှစ်၊ ဇူလိုင်၂၅ ရက်တွင် ပထမအကြိမ်အဖြစ် ဖွင့်လှစ်
သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသားဦးရေ ၃ဝ ဦးကိုရွေးချယ်ကာ နေထိုင်
စားသောက်စရိတ် အခမဲ့ဖြင့် သင်ကြားပေးမည်ဖြစ်သည်။
၄င်းသင်တန်းတွင် Applied Electronicand Electrical Skill Training နှင့် Automobile
Maintenance SkillTraining (Level-1) တို့ကို အတန်းခွဲကာသင်ကြားသွားမည်ဖြစ်ပြီး
သင်တန်းတစ်ခုလျှင် သင်တန်းသား ၁၅ ဦးသင်ကြားသွားမည်ဖြစ်သည်။
သင်တန်းလျှောက်ထားရာတွင် အသက် ၃ဝ နှစ်ထက်မကြီးသော တက္ကသိုလ်ဝင်တန်း
ဖြေဆိုဖူးသူ နှင့် ကျန်းမာရေးကောင်းမွန်သူ အမျိုးသား/အမျိုးသမီးတို့ကို ရွေးချယ်သွားမည်
ဖြစ်သည်။
''ပြင်ဦးလွင်မှာရှိတဲ့ လူငယ်တွေအတွက် အခွင့်အလမ်းတစ်ခုလို့ ပြောနိုင်ပါတယ်။
တခြားမြို့တွေကို သွားတက်မယ်ဆိုရင် နေထိုင်စားသောက်စရိတ်အတွက် အခက်အခဲတွေ
ရှိတယ်။ အခုသင်တန်းက အခမဲ့ဖြစ်တဲ့အတွက် မော်တော်ယာဉ် နည်းပညာကို စိတ်ဝင်
စားတဲ့လူငယ်တွေအတွက်အလွန်ပဲ ကောင်းတဲ့သင်တန်းတစ်ခုဖြစ်သလို သင်တန်းသင်တဲ့
အခါမှာ လက်တွေ့လုပ်ငန်းခွင်ဝင်နိုင်ဖို့ လုပ်ငန်းရှင်တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်
ပေးသွားမယ့် သင်တန်းတစ်ခုပါပဲ'' ဟု ပြင်ဦးလွင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ် ဦးအောင်မင်းက ပြောသည်။
စိတ်ဝင်စားသည့် ၁ဝ တန်းဖြေဆိုဖူးသည့်လူငယ်များသည် ပြင်ဦးလွင်မြို့၊ ရပ်ကွက် (၁)၊
မဟာဗန္ဓုလလမ်းနှင့် မြို့ပတ်လမ်းထောင့်ရှိ၊ မော်တော်ယာဉ်နည်းပညာသုတေသနဌာနသို့
ဇူလိုင် ၁၄ ရက်မှ ၂ဝ ရက်အတွင်း လျှောက်ထားနိုင်ပြီး ဇူလိုင် ၂၁ ရက်တွင် လျှောက်ထား
သည့် လူငယ်များကို လူတွေ့စစ်ဆေးသွားမည်ဖြစ်သည်။















